တိုကျို၊ အောက်တိုဘာ (၁၃)

တိုယိုတာ မော်တာလုပ်ငန်းစုဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၁၉လကျော်ကြာ ရပ်ဆိုင်းထားတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နေပြီး စက်ရုံမှာ ကားတွေထုတ်လုပ်ဖို့ စတင်နေပြီလို့ အောက်တိုဘာ ၁၂ရက်နေ့မှာ ပြောပါတယ်။

အခြား‌သော ကုမ္ပဏီတွေ ထွက်ခွာသွားပေမယ့် ဂျပန်နိုင်ငံရဲ့  ကားထုတ်လုပ်မှု စက်ရုံတစ်ခုဖြစ်တဲ့ တိုယိုတာဟာ  စက်တင်ဘာ လမှာ  စက်ပစ္စည်းအစိတ်အပိုင်းတွေကို မြန်မာနိုင်ငံကို ပြန်လည်တင်ပို့ခဲ့ပြီး တစ်ရက်လျှင် Hilux ထရပ်ကား တစ်စီး သို့မဟုတ် နှစ်စီးကို စတင်တပ်ဆင်နေတာပါ။

စစ်ကောင်စီကို အကျိုးပြုတယ်ဆိုပြီး ပြည်သူတွေက ယူဆမှာ စိုးရိမ်တာကြောင့် ဂျပန်ကုမ္ပဏီအချို့နဲ့ အခြားသော ပြည်ပ ကုမ္ပ ဏီတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်မလုပ်ဆောင်တော့ပဲ ရုတ်သိမ်းလိုက်ပါတယ်။ ကျန်ရှိနေတဲ့ ကုမ္ပဏီတွေ ကလည်း မြန်မာနိုင်ငံကထွက်ခွာဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

“အခု ဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကူညီဖို့နဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ ဘဝတွေကို ပံ့ပိုးပေးဖို့ဆိုတဲ့ကျွန်တော်တို့ရဲ့ ကနဦး ရည်ရွယ်ချက်နဲ့ ကိုက်ညီမယ်လို့ ယုံကြည်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သက်ဆိုင်ရာ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ အားလုံးကို လိုက်နာဖို့ ကျွန်တော်တို့ စဉ်ဆက်မပြတ် ကြိုးစားနေပါတယ်။” လို့ Toyota ရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုယိုတာဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာပဲ စက်ရုံကိုဖွင့်လှစ်ဖို့ စီစဉ်ထားခဲ့ပေမယ့် အာဏာသိမ်းချိန်နဲ့ အချိန်ကိုက် ဖြစ်သွားခဲ့တာပါ။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေကတော့ တိုယိုတာ နဲ့အတူ အခြားမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီတွေကို လူ့အခွင့်ရေးချိုးဖောက်နေတဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ မလုပ်ဆောင်တော့ဖို့ တောင်းဆိုထားကြပါတယ်။

 “တိုယိုတာအနေနဲ့ မြန်မာစစ်တပ်ပိုင် လုပ်ငန်းစုကြီးတွေနဲ့ သူတို့ရဲ့ လုပ်ငန်းခွဲတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ရှောင်လွှဲ သင့်ပါတယ်”လို့ အဲဒီအဖွဲ့ရဲ့ အာရှပရိုဂရမ်အရာရှိက ပြောပါတယ်။

တိုယိုတာရဲ့  သီးခြားထုတ်ပြန်ချက်တစ်ခုမှာတော့  ပြည်တွင်းသုတေသနပြုချက်များအရ မြန်မာနိုင်ငံမှာ သူ့ရဲ့ ကားထုတ်လုပ် ရေး လုပ်ငန်းစဉ်အားလုံးဟာ  နိုင်ငံပိုင်နဲ့ စစ်ဘက်ဆိုင်ရာကုမ္ပဏီတွေနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာတော့  ဂျပန်အချိုရည်ကုမ္ပဏီ Kirin Holdings က စစ်တပ်နဲ့ ချိတ်ဆက်ထားတဲ့ ဖက်စပ်လုပ်ငန်း တစ်ခုရဲ့ ရှယ်ယာတွေကို ရောင်းချမယ်လို့ ပြောကြားခဲ့တာပါ။

တိုယိုတာ စက်ရုံဟာ ဂျပန်နိုင်ငံရဲ့  ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်ထားပြီး ရန်ကုန်မြို့ပြင် ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင် ရေး အချက်အချာ နေရာ ဖြစ်တဲ့  သီလဝါ အထူးစီးပွားရေးဇုန်မှာ တည်ရှိတာ ဖြစ်ပါတယ်။

Ref :Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.