သရက်ချောင်း – အောက်တိုဘာ(၁၃)

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်း ဗုံးပေါက်ကွဲမှုတစ်ခု ဒီကနေ့ အောက်တိုဘာလ (၁၃) ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မနက်(၇) နာရီက စစ်ကောင်စီလက်အောက်ခံမြို့နယ်ထွေအုပ်ရုံးခြံဝင်းအတွင်းမှာ အသံကျယ်လောင်တဲ့ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။ ဒီဖောက်ခွဲမှုကိုဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာလဲဆိုတော့ မသိရသေးပါဘူး။

“ ပေါက်ကွဲသံက အရမ်းကျယ်တယ်၊ ထွေအုပ်ခြံဝင်းထဲမှာပဲ ပေါက်တာပါ၊ ဘယ်သူလုပ်တာတော့ မသိရဘူး၊ ဖြစ်နိုင်တာက Non CDM သမားတွေကို သတိပေးတာဖြစ်နိုင်တယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကို ပြောပါတယ်။

မြို့နယ်ထွေအုပ်ရုံးခြံဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားတဲ့အချိန်က ကျူတီကျဝန်ထမ်းကလွဲပြီး ကျန်တဲ့ သူတွေ မရှိသေးတဲ့အချိန်ဖြစ်တာကြောင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ရုံးအနီးပတ်ဝန်းကျင်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က လုံခြုံရေးရယူထားတဲ့အချိန်မှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အခင်းဖြစ်ပွားရာနေရာနဲ့အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာပြည်သူတွေကိုလည်း ရှာဖွေစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီး နောက်ဒေသခံအမျိုးသား တစ်ဦးကို မသင်္ကာမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးသွားတဲ့ အမျိုးသားကို ဘယ်နေရာမှဦ ဖမ်းဆီးချုပ်နှောင်ထားတာနဲ့ သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သိရဖို့ သံလွင်တိုင်မ်းအနေနဲ့ သီးခြားစုံစမ်းတာတွေလုပ်ဆောင်နေပါ တယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.