မော်လမြိုင်၊ အောက်တိုဘာ (၁၃)

မွန်ပြည်သစ်ပါတီက ခွဲထွက်ပြီး လက်နက်ချအလင်းဝင်ထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဌာနေပြည်သူ့စစ် ပြောင်းလဲမှုဟာ စစ်ကောင်စီက လက်နက်ကိုင် ခုခံတော်လှန်နေတဲ့ မွန်အချင်းချင်း သွေးခွဲ ရန်တိုက်မှု ဖြစ်တယ်လို့ မွန်တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ၂၀၁၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်ချ အလင်းဝင်ခဲ့ပြီး ၁၂ နှစ်တိတိပြည့်တဲ့ အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ စစ်ကောင်စီတပ်နဲ့ လက်တွဲကာ ဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲခဲ့တာပါ။

ပြည်သူ့စစ်အဖြစ် ပြောင်းလဲရတာဟာ မွန်ပြည်နယ်အတွင်းမှာ ဒေသခံတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ဝန်ထမ်းတွေ အသတ်ခံနေရတဲ့အတွက် လက်နက်ပြန်ကိုင်ရတာလို့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး နိုင်ချမ်းလဝီက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ မွန်လူငယ်တစ်ဦးကတော့ လက်နက်ချရာကနေ ဌာနေပြည်သူ့ စစ်အဖြစ် ရပ်တည်တာဟာ အကျိုးစီးပွားအတွက် ပါဝင်နေပြီး စစ်ကောင်စီက မွန်အချင်းချင်း ရန် တိုက်ပေးတာလို့ ဝေဖန်တာပါ။

“ဒါဟာ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်အနေနဲ့ စစ်ကောင်စီကို အလုပ်အကျွေးပြုမယ့် ထောက်တိုင်တစ်ခုအနေနဲ့ နေတာဖြစ်တယ်။အလကားတော့ မနေနဘူး၊ သူတို့ အတွက် အကျိုးစီးပွားတစ်စုံတစ်ရာရှိလို့ ဒီလိုလမ်းကို ရွေးချယ်တာ ဖြစ်တယ်။တစ်ဖက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ဒီလိုအဖွဲ့က စကစရဲ့ ထောက်တိုင်ဖြစ်တဲ့အတွက် တိုက်သွားမယ်လို့ ပြောတယ်။ဆိုတော့ သေချာတယ် ဒါဟာ စစ်ကောင်စီက အကွက်တစ်ကွက်ရွှေ့လိုက်တာပဲ။မွန်ထဲက ငြိမ်းချမ်းရေးလက်နက်ကိုင်တဲ့ ဌာနေပြည်သူ့စစ်နဲ့ မွန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း မွန်အချင်းချင်းကို ရန်ပြန်တိုက်ပေးလိုက်တာပဲ။ဒါက စကစဟာ မွန်အချင်းချင်းကို သွေးပြန်ခွဲတယ်၊ အဲဒီလိုမျိုး လုပ်တာ”လို့ သူက ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို လက်နက်ကိုင်ခုခံနေတဲ့ ပြည်သူ့ကာကယ်ရေးတပ်ဖွဲ့ ၃၀ ထက်မနည်းရှိနေပြီး အဲဒီထဲက လူမျိုးကိုယ်စားပြု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေလည်း ရှိနေတာပါ။

စစ်ကောင်စီဟာ နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားရပြီး အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့နဲ့ တိုက်ပွဲပြင်းထန်နေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

ရေးမြို့နယ်အခြေစိုက် မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO)တာဝန်ခံကလည်း မွန်ပြည်နယ်မှာ ဌာနေပြည်သူ့စစ်ဖွဲ့ပေးလိုက်တာဟာ စစ်ကောင်စီက နိုင်ငံရေးကစားတာ ဖြစ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တဲ့ ဘယ်အဖွဲ့အစည်းမဆို တိုက်ထုတ်သွားမယ်လို့ လို့ ပြောပါတယ်။

“စစ်ကောင်စီက နိုင်ငံရေးကစားတယ်လို့ပဲ မြင်တယ်။ပြီးတော့ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ရန်သူတပ်ဖွဲ့က သိသိသာသာကြီး ပြည်သူ့အရှေ့မှာ တိုးလာတာတော့ ရှိတာပေါ့လေ။ကျွန်တော်တို့ က လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို လိုက်ပြီး တော်လှန်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။စစ်ကောင်စီ သာမက စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို တိုက်ထုတ်သွားဖို့ ရှိတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် မွန်လူမျိုးကို ကိုယ်စားပြုပြီး တည်ထောင်ထားတဲ့ မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း) တာဝန်ရှိသူကလည်း စစ်ကောင်စီ ဒေါက်တိုင်အဖြစ် ရပ်တည်သွားမယ့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဌာနပြည်သူ့စစ်ကို ရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီရဲ့ ဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲလိုက်တဲ့အပေါ် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ဝင် အများစု လက်မခံဘူးလို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီးပွား/ဆက်ဆံရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင် ဒုဥက္ကဋ္ဌ နိုင်ရွှေအောင်နဲ့ အတူ ကျိုက်မရောမြို့နယ်တာဝန်ခံ ဗိုလ်မှူးကြီး ဗလိုစွမ်း၊ ကော့ကရိတ်မြို့နယ်တာဝန်ခံ ဗိုလ်မှူးကြီး အောင်ချမ်း၊ သံဖြူဇရပ်မြို့နယ်တာဝန်ခံ ဗိုလ်မှူးကြီး ချယ်ရီတို့က အခုလိုဌာနေပြည်သူ့စစ်အသွင်ပြောင်းလဲလိုက်တာကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။ပြည်သူ့စစ်အဖြစ် ပြောင်းလဲသွားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီချုပ် ဗိုလ်ချုပ်နိုင်ရှောင်ရဲ့ တာဝန်တွေကို ဗိုလ်မှူးချုပ် နိုင်အောင်ထွန်းထံ လွှဲပြောင်းပေးခဲ့တယ်လို့ အောက်တိုဘာ ၁၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်က ၂၀ဝ၈ ခုနှစ်မှာ နအဖစစ်အစိုးရထံ လက်နက်ချအလင်းဝင်ခဲ့ပြီး မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းကာ ဥက္ကဋ္ဌအဖြစ် ခံယူခဲ့သူပါ။

မွန်ပြည်သစ်ပါတီကနေ အနားယူခဲ့တဲ့ ဗိုလ်မှူးကြီးနိုင်ရှောင် ဦးဆောင်ခဲ့တဲ့ ရာမညတပ်ဖွဲ့ကလည်း ၂၀ဝ၉ ခုနှစ်မှာ နအဖစစ်အစိုးရထံ ဆက်ပြီးလက်နက်ချလို့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှာ ပူးပေါင်းခဲ့ကြပြီး နိုင်အောင်နိုင် ကွယ်လွန်တဲ့အတွက် နိုင်ရှောင်က ဥက္ကဌအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.