ဘားအံ၊ အောက်တိုဘာ (၁၃)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာရှိ ဘားအံခရိုင် USDP ပါတီ ဥက္ကဌ နေအိမ်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၃ ရက် မနက် ၇ နာရီခွဲခန့်မှာ ဘားအံခရိုင် USDP ပါတီ ဥက္ကဌ ဦးအောင်ကျော်မိုး ၄၇ နှစ်ဟာ နေအိမ် ဆိုင်မှာ ရှိနေချိန် ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမား ၂ ဦးက သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာပါ။

သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် ဦးအောင်ကျော်မိုးရဲ့ ဦးခေါင်း၊ လက်မောင်း၊ ဝဲယာနံကြား၊ တင်ပါးဆုံတို့မှာ သေနတ်ဒဏ်ရာ ၆ ချက်ခန့်ရရှိပြီး နေမှာဘဲ သေဆုံးသွားတယ်လို့ဆိုပါတယ်။

“ဒီမနက်ပိုင်း ဆိုင်ဖွင့်နေချိန် လာပစ်သွားတယ်လို့တော့သိရတယ်။ သူက ဘားအံခရိုင် ကြံခိုင်ရေးပါတီ ဥက္ကဌ ဖြစ်တယ်။ သူ့ အိမ်က လျှပ်စစ်ပစ္စည်းရောင်းတယ်။ သာမည လမ်းမတန်းမှာ နေတယ်။ သူက အရင်က သာမည အုပ်ချုပ်ရေးမှူး ဟောင်း တစ်ဦးဖြစ်သလို ကြံခိုင်ရေးပါတီဝင်တစ်ဦးဖြစ်တယ်။ ခရိုင်ဥက္ကဌဖြစ်တာတောင်မကြာသေးဘူးလို့ သိရတယ်”လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတဲ့ ဦးအောင်ကျော်မိုးရဲ့ အလောင်းကိုတော့ လူမှုကူညီရေးအသင်းကားနဲ့ ဘားအံဆေးရုံကို ယူဆောင်သွားတာပါ။အဲဒီ ပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့က လုပ်ဆောင်သွားတယ်ဆိုတာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပွားပြီးတာနဲ့ စစ်ကောင်စီတပ်တွေ လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

သေဆုံးသူ ဦးအောင်ကျော်မိုးဟာ ပအိုဝ်းတိုင်းရင်းသား တစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်၊ ပအိုဝ်းတိုင်း ရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.