ပွင့်ဖြူ၊ အောက်တိုဘာ (၁၃)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာမှာ အာဏာသိမ်း စစ်ကောင်စီတပ်က ဖမ်းဆီသွားတဲ့ ဒေသခံ ၉ ဦးဟာ လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါ တယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စံပြကျေးရွာက ဒေသခံ ၁၀ ဦး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းမှာ အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးသွားခဲ့တာပါ။

အဖမ်းခံခဲ့ရသူတွေထဲက အသက်မပြည့်သေးတဲ့ ကလေးတစ်ဦးကိုတော့ ပြန်လွှတ်ပေးထားပြီး တခြားသူတွေကိုတော့ အကြောင်းမပြချက်မရှိဘဲ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ ဖမ်းဆီးခံထားရသူတွေကို ဘယ်နေရာကိုဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးသလို ဖမ်းဆီးခံထားရသူတွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ အတွက် သူတို့ရဲ့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ(၅) ရက်နေ့ကစပြီး ပွင့်ဖြူမြို့နယ်ထဲမှာ လုံခြုံ ရေးတင်းကြပ်တာ၊ အရပ်ဝတ်နဲ့ ကင်းလှည့်တာတွေ ဆက်တိုက် လုပ်ဆောင်နေသလို ပြည်သူတွေကိုလည်း အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးနေတာပါ။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံထားရသူတွေဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်လို့ ပြောဆို တာတွေရှိနေပေမယ့် NLD ပါတီဝင်တွေလည်း ပါဝင်နေတာကြောင့် ရန်ငြိုးထားဖမ်းဆီးတာမျိုးဖြစ် နိုင်တယ်လို့ ပွင့်ဖြူမြို့နယ် NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ မတရားတဲ့ ဥပဒေ ပုဒ်မတွေ တပ်ပြီး ဖမ်းဆီးခံထားရသူ(၁၀၀) ကျော်ရှိနေပြီး ထွက်ပြေးတိမ်းရှောင်နေရသူ (၄၀၀) ဝန်းကျင်ရှိတယ်လို့သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.