ရန်ကုန်၊ အောက်တိုဘာ (၁၃)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု နှစ်မှု အတွက် ထောင်ဒဏ် ၃ နှစ် ထပ်မံချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကိ ပြောပါတယ်။
အဲဒီအမှု ၂ ခုအတွက် အောက်တိုဘာ ၁၂ရက်နေ့က နေပြည်တော် အချုပ်ထောင်အထူးတရားရုံးကနေ အပြီးသတ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို အကြောင်းပြပြီး ဦးမောင်ဝိတ်ထံကနေ အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ ကို ၂၀၁၉ခုနှစ်နဲ့ ၂၀၂၀ခုနှစ်အတွင်း ၄ကြိမ်ခွဲပြီး လက်ခံရယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၂ မှု ဖွင့်လှစ်ခဲ့တာပါ။
ဒီအမှုတွေအတွက် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား လှူဒါန်းငွေအဖြစ် ပေးအပ်ခဲ့ တာဖြစ်တယ်လို့ ထွက်ဆိုခဲ့သလို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အပြစ်မရှိကြောင်း ထွက်ဆိုထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအမှု နှစ်မှု အပါအဝင် စုစုပေါင်း ၁၄ မှု အတွက် ထောင်ဒဏ်၂၆ နှစ်ထိ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုတွေထဲမှာ ရဟတ်ယာဉ်ဝယ်ယူခြင်းနဲ့ ပတ်သက်တဲ့ အမှုအပါအဝင် အဂတိမှု ငါးမှုအတွက် ဆက်လက် တရားရင်ဆိုင်နေရတာပါ။
သတင်း – သံလွင်တိုင်းမ်