နေပြည်တော် – အောက်တိုဘာ(၁၂)
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကို ဖျက်သိမ်းတာဟာ အသက်အရွယ်ကြီးရင့် တာနဲ့ တခြားအခက်အခဲတွေရှိလာတဲ့အတွက်ဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက အသိပေးထုတ် ပြန်လိုက်ပါတယ်။
ဒါ့အပြင် လူမှုရေးနဲ့ တခြားအခက်အခဲတွေရှိလာတာနဲ့ ပါတီနိုင်ငံရေးကို ဆက်လက်လုပ်ဆောင် ဖို့ဆန္ဒမရှိတော့တဲ့အတွက် နိုင်ငံရေးပါတီမှတ်ပုံတင်ထားတာကနေ ဖျက်သိမ်းလိုက်ဖို့ ဗဟိုအလုပ် အမှုဆောင်တွေက သဘောတူဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ဆိုထားပါတယ်။
UBP ပါတီကို ဒီလ(၁၁) ရက်နေ့ကစပြီး ဖျက်သိမ်းဖို့ သက်ဆိုင်ရာကိုတင်ထားသလို ကူညီဆောင်ရွက် ပေးသူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ သူရဦးရွှေမန်းရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ဧပြီလ(၂၅) ရက်နေ့က အဖွဲ့ဝင်(၁၉) ဦးနဲ့ စတင်တည်ထောင်ထားတဲ့ UBP ပါတီ ဟာ မြန်မာနိုင်ငံက မြို့နယ်ပေါင်း(၂၂၀)မှာ ပါတီရုံးခွဲတွေဖွင့်လှစ်ပြီး ပါတီဝင်(၅) သိန်းကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းဖို့အကြောင်းရှာခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ UBP ပါတီဟာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၂၄)ဦး၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၄၄၀)ဦးနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအတွက် ကိုယ်စားလှယ်နေရာစုစုပေါင်း(၈၈၀) အတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် တစ်နေရာမှ အနိုင်ရတာမရှိခဲ့ပါဘူး။
သူရဦးရွှေမန်းရဲ့ ပါတီဖျက်သိမ်းတာဟာ သူ့ရဲ့ မူလပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ပြန်လည်ပူးပေါင်း ပြီး စစ်ကောင်စီဦးဆောင်လုပ်မယ့် ၂၀၂၃ ရွေးကောက်ပွဲမှာ ပါဝင်လာနိုင်ဖို့ ရှိတယ်လို့ ပြည်သူတွေနဲ့ လေ့လာသုံးသပ်သူတွေက ပြောဆိုနေပါတယ်။
သတင်း – သံလွင်တိုင်းမ်