လောင်းလုံး၊ အောက်တိုဘာ (၁၂)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ထဲက ကျောက်နီမော်၊ ဂေါ့အင်း၊ ပန္နလဲ၊ ကဒက်ကြီးကျေးရွာတွေမှာ စစ်ကောင်စီတပ် အင်အား ၁၂၀ ကျော်နဲ့ ဝင်ရောက် တပ်စွဲနေရာယူထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းကစပြီး စစ်ကောင်စီတပ်တွေဟာ ကုန်းကြောင်း၊ ရေကြောင်းကနေ ဝင်ရောက်လာပြီးနောက် အဲဒီကျေးရွာတွေက စာသင်ကျောင်းတွေနဲ့ ပျူစောထီးတွေအခြေချတဲ့ နေရာတွေမှာ ဝင်ရောက် တပ်စွဲထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ ဂေါ့အင်းကျေးရွာ စာသင်ကျောင်းမှာ အင်အား ၄၀ ဝန်းကျင်၊ ကဒက်ကြီးကျေးရွာ စာသင်ကျောင်းမှာ အင်အား ၃၀ ကျော်၊ ပန္နလဲကျေးရွာ စာသင်ကျောင်းမှာ အင်းအား ၂၀ ကျော်နဲ့ ကျောက်နီမော်ကျေးရွာရှိ ပျူ စာထီးအဖွဲ့ အခြေပြုရာ နေရာမှာ အင်အား ၂၀ ကျော်နဲ့ ဝင်ရောက် တပ်စွဲထားတာပါ။

စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲမှာ တပ်စွဲနေထိုင်နေတာကြောင့် ဒေသခံတွေအကြား စိုးရိမ် ပူပန်မှုတွေ မြင့်တက်နေပြီး စစ်ကောင်စီတပ်စွဲထားတဲ့ နေရာဝန်းကျင်တွေကို ရှောင်ကွင်းသွားလာနေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက ကျေးရွာတွေမှာ လာရောက်တပ်စွဲထားတာဟာ ကဒက်ကြီးမှာရှိတဲ့ စကစ ရေဒါစခန်းကို စက်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ တရုတ်က ပညာရှင်တွေပါတဲ့ အဖွဲ့တွေ လာရောက်တာကြောင့် ဖြစ်နိုင်သလို စစ်ကောင်စီအကြီးပိုင်း တစ်ဦးဦး လာတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြတာပါ။

ပြီးခဲ့တဲ့ နှစ်ပတ်ခန့်လောက်ကလည်း ကဒက်ကြီးကျေးရွာရှိ စစ်ကောင်စီရေဒါစခန်းက စက်ပစ္စည်းတွေ ပြင်ဆင်ဖို့ တရုတ်နိုင်ငံသား ပညာရှင်တွေ လာရောက်တုန်းကလည်း စစ်ကောင်စီတပ်အင်အား ၅၀ ကျော် လုံခြုံရေး လာယူပေးခဲ့သေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်လပိုင်းလောက်မှာလည်း စစ်ကောင်စီအင်အား ၂၀၀ ကျော်ဟာ အဲဒီကျေးရွာတွေထဲကို ဝင်ရောက်လာပြီးနောက် ဒေသခံတွေကို ဖမ်းဆီးတာ၊ ပစ်ခတ်သတ်ဖြတ်တာနဲ့ နေအိမ်မီးရှို့တာတွေ လုပ်ဆောင်ခဲ့လို့ ဒေသခံတွေက ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.