မောင်တော ၊ အောက်တိုဘာ (၁၂)
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ လိပ်ရနယ်ခြားစောင့်စခန်းကို ရခိုင့်တပ်တော် (AA) က တိုခိုက်သိမ်းပိုက် ပြီးနောက်ပိုင်းမှာ မောင်တောမြို့ပေါ်မှာ စစ်ကောင်စီဘက်က အစစ် အဆေးတင်းကြပ်ပြီး အဖမ်းအဆီးတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် အစောပိုင်းမှာ AAက လိပ်ရနယ်ခြားစောင့်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး တစ်ရက် အကြာ ဒီကနေ့ မှာတော့ စစ်ကောင်စီက မောင်တောမြို့ပေါ် လမ်းဆုံလမ်းခွတွေမှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေနဲ့ လူတွေကို စစ်ဆေးနေရုံသာမက အိမ်တွေအထိပါ မထင်ရင်မထင်သလို ဝင်ရောက် စစ်ဆေးနေတာလို့လည်း သိရပါတယ်။
“ လက်ရှိမှာတော့ မောင်တောမှာ အစစ်အဆေးကြမ်းတယ်။ လမ်းဆုံလမ်းခွလိုနေရာမျိုးမှာကအစ စစ်ဆေးနေတယ်လို့ သိရ တယ်။ နောက်တစ်ခုက မောင်တောမြို့ခံတွေလည်း အပြင်သိပ် မထွက်ရဲကြဘူး။ ဟိုးအရင်က ဖြစ်ဖူးတဲ့ အခံလေးတွေလည်း ရှိကြတော့လေ။ ကြောက်ကြတော့ အပြင်မထွက်ရဲကြဘူး။ ကိုယ့်အိမ်လေးထဲပဲ ကိုယ့်ဘာသာနေနေကြတယ်။ တချို့တွေလည်းပဲ မြို့ပေါ်က မိုင် ၂၀လောက်ဝေးတဲ့ ရွာလေးတွေ သွားနေကြတာပေါ့။ တချို့ မသင်္ကာတဲ့ အိမ်တွေဆိုရင် တက်စစ် တာတွေရှိတဲ့ အတွက် ရွာဘက်တွေကို ရှောင်ပြီး နေတာတွေရှိတယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA)က လိပ်ရ စစ်ကောင်စီခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ ဒုတပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး ၁၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အတည်ပြု ပြောဆိုထားပါတယ်။
လက်ရှိမှာ အဲဒီစခန်းအနီးအနားက တောင်တန်းတွေကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ လည်းသိရပါတယ်။လိပ်ရနယ်ခြားစောင့်စခန်း ကျဆုံးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းတစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေး ပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ နေ့ကစလို့ မောင်တောမြို့နယ် မြောက်ပိုင်းကနေ တစ်ကျော့ ပြန်တိုက်ပွဲတွေ စတင်လာခဲ့ပြီး လက်ရှိမှာတော့ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ တောင်ကုတ်စတဲ့ မြို့နယ် တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အထိ တိုက်ပွဲကျယ်ပြန့်လာနေပါတယ်။
ရခိုင်ပြည်နယ် ဘူးသီတောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ အောက်တိုဘာ ပထမအပတ်အတွင်း တိုက် ပွဲကြီး၊ တိုက်ပွဲငယ် အကြိမ် ၂၀ ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၇ ရက်နေ့မှာ AA က ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း မောင်တောမြို့နယ် မြောက်ပိုင်းက စစ်ကောင်စီတပ် ခမရ (၃၅၂) စခန်းကုန်းနဲ့ ဩဂုတ်လ ၃၁ ရက်နေ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် ၄၀ အနီးက နယ်ခြားစောင့်စခန်းကို သိမ်းပိုက်နိုင်ခဲ့ တယ်လို့AA က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်