ရန်ကုန်၊ အောက်တိုဘာ (၁၂)
ရန်ကုန်မြို့မှာရှိတဲ့ လူနေအိမ်နဲ့ တိုက်တာအဆောက်အအုံတွေကို ဆေးသုတ်၊ ခြံခတ်၊ ချုံနွယ်တွေ ရှင်း လင်းပြီး မဖြစ်မနေ မွမ်းမံပြင်ဆင်ဖို့ စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် အစစ အရာရာ အခက်ခဲဖြစ်နေတဲ့ ပြည်သူတွေကို ထပ်မံ အခက်တွေ့စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေက ဝေဖန်လိုက်ပါတယ်။
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ (၂၀၁၈ ခုနှစ်) ပြဋ္ဌာန်းချက်နဲ့အညီ မြို့တော်သူ၊ မြို့တော်သား တွေအနေနဲ့ လမ်းမတွေနဲ့ မျက်နှာစာတွေမှာရှိတဲ့ မိမိတို့ရဲ့ ခြံ စည်းရိုးတွေ၊ နေအိမ်တွေ၊ အဆောက် အအုံနံရံနဲ့ ခြံဝင်းအတွင်းရှိ ခြုံနွယ် ပိတ်ပေါင်းတွေကိုသန့်ရှင်းသပ်ရပ်အောင် ရှင်းလင်းဆောင်ရွက် ပေးကြဖို့ ရန်ကုန်စည်ပင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိတာပါ။
ဒီလို စည်ပင်ရဲ့ ထုတ်ပြန်ချက်ဟာ ရန်ကုန်နေပြည်သူတွေ အရေးထက် စစ်ကောင်စီ အလိုကျ ဖြစ်စေရေးကိုသာ ဦးတည်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ပြည်သူတွေမှာ အစစ အရာရာ ခက်ခဲနေပြီး တစ်ဦးချင်းဝင်ငွေဟာ အာဆီယံစံနှုန်း ထက်ကို နိမ့်ပါးနေချိန်မှာ ပြည်သူတွေရဲ့ အခြေအနေကို မျက်ကွယ်ပြုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်တာပါ။
“ လက်ရှိစည်ပင်အနေအထားက စစ်ကောင်စီလက်အောက်ခံဖြစ်နေတော့ စစ်ကောင်စီအလိုကျ လုပ်ငန်းဆောင်တာ တွေ လုပ်မှာပဲ ။ဘာလို့ဆိုတော့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မိုးရွာလို့ မြောင်းတွေပိတ်ပြီး ရေစီးရေလာ မကောင်းလို့ စာသင်ကျောင်းတွေထဲ ရေတွေ ဝင်တယ်။ ကားလမ်းပေါ် ရေတွေ တက်တယ်။ ဘာမမလုပ်ဘူး။ ဒါစည်ပင်လုပ်ရမယ့် အလုပ်။ ဒါပေမဲ့ လက်ရှိ အစိုးရ ကပြည်သူက တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ မဟုတ်တဲ့အတွက် စစ်တပ်အလိုကျပဲလုပ်မှာပဲ။ အရပ် သား အစိုးရလက်ထက်က ပြည်သူလူထုက အစိုးရနဲ့အတူတူပေါင်းပြီး အမှိုက်တွေသိမ်းတာရှိတယ်။ လမ်းတွေလုပ်တာ ရှိတယ်။ စစ်ကောင်စီ လက်ထက်ကျ အရပ်သားကပါဝင်မှုမရှိတော့ ပြည်သူလူထုကို စာထုတ် ခေါ်မယ်။ အာဏာနဲ့ခေါ်မယ်ပေါ့။ ပြည်သူကကြောက်လို့သွားတဲ့အခါမှာ သူတို့က ပြည် သူနဲ့ အစိုးရနဲ့ပူးပေါင်းပြီး လုပ်ဆောင်တယ်လို့ နိုင်ငံတကာကထင် အောင်ပုံ ဖော်ချင်တဲ့ သဘောမျိုးပါ။”လို့ ဆိုပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကတော့ ညွှန်ကြားချက်ကို လိုက်နာဖို့ ပျက်ကွက်ပါက ကော်မတီရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်နိုင်ပြီး ကုန်ကျစရိတ်ကို ပေးဖို့ ပိုင်ရှင် ဒါမှမဟုတ် လက်ရှိနေထိုင်သူထံ တောင်းဆိုနိုင်တယ်လို့ ဥပဒေပြဌာန်းချက်အပေါ် ရည်ညွှန်းပြီး ခြိမ်းခြောက်ထားပါတယ်။
သူတို့ ညွှန်ကြားချက်ကို ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူးတွေကို သက်ဆိုင် ရာ ခရိုင်/ မြို့နယ်များ အလိုက် နှိုးဆော် အကြောင်းကြားထားပြီးပြီ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်က ဆိုထားပါတယ်။
စစ်ကောင်စီ အာဏာသိမ်းထားပြီး ၁၉လကျော်ကြာလာတဲ့ အခုအချိန်မှာ မြန်မာနိုင်ငံဟာ အဘက်ဘက်က ယိုယွင်းနေပြီး ပြည်သူတွေအလုပ်လက်မဲ့နှုန်း မြင့်တက်နေပါတယ်။
စီးပွားရေးလုပ်ငန်းတွေအများစုလည်း ရပ်နားလိုက်ရပြီး တစ်ဦးချင်းဝင်ငွေ နိမ့်ပါးနေချိန်မှာ စည်ပင်အနေနဲ့ အခုလို ပြည်သူတွေ ရဲ့ အခြေအနေကို မျက်ကွယ်ပြုပြီး အိမ်ခြံမြေတွေ ကို မွမ်းမံပြင်ဆင်ဖို့ လုပ်ဆောင်လာနေတာကြောင့် ရန်ကုန်စည်ပင်အနေနဲ့ မြို့နေပြည်သူတွေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို အလွဲအသုံးချပြီး စစ်ကောင်စီ အလိုကျလုပ်ဆောင်လာနေတာလားလို့ ရန်ကုန်မြို့ခံတွေက မေးခွန်းထုတ်လိုက်တာပါ။
သတင်း – သံလွင်တိုင်းမ်