မော်လမြိုင်၊ အောက်တိုဘာ (၁၂)

မွန်ပြည်သစ်ပါတီကို စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာ ထပ်မလုပ်ဖို့ မွန်အဖွဲ့အစည်းတွေ တောင်းဆိုနေတဲ့ကြားက စစ်ခေါင်းဆောင်နဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးတာဟာ လူထုဆန္ဒကို မထီမဲ့မြင် ပြုတာလို့ မွန်လူငယ်တွေက ဝေဖန်လိုက်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ အောက်တိုဘာ ၁၀ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိလာခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးလိုလားချက်နဲ့ အနာဂတ်လုပ်ငန်းစဉ်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းဖို့ လမ်းဖွင့်ထားကြောင်း စစ်ကောင်စီက ဆိုထားပါတယ်။မွန်လူငယ်တစ်ဦးကတော့ မွန်ပြည်သစ်ပါတီက စစ်ကောင်စီနဲ့ သွားတွေ့တာဟာ သူတို့ နယ်မြေမှာ စစ်ကောင်စီတပ်က လာတိုက်ခိုက်တာတွေ မလုပ်ဖို့ သွားတွေ့တာ ဖြစ်ပြီး နိုင်ငံအရေးအရ ဘာအဖြေမှ ထွက်ပေါ်လာမှာ မဟုတ်ဘူးလို့ ဝေဖန်တာပါ။

“ကျွန်တော်တို့ မြင်တာကျ ဒီလိုမျိုး သွားတွေ့တာ မွန်ပြည်သစ်ပါတီ အခြေကျတဲ့ နေရာမှာ စစ်ကောင်စီက လာပြီး တိုက်ခိုက်တာတို့ ဘာတို့ မလုပ်ဖို့ အဲဒီတစ်ခုနဲ့ပဲ သွားတွေ့နေတာ၊ ကျန်တာ ဘာနိုင်ငံရေးအဖြေမှ မရှိဘူး။အဲဒါကလည်း ကိုယ့်နယ်မြေမှာလာပြီးတော့ စစ်ပွဲတွေ မဖြစ်ဖို့က လုံဝ မသေချာဘူး။စစ်ကောင်စီက သူတိုက်ချင်တဲ့အချိန်မှာ တိုက်မယ်၊ မတိုက်ချင်တဲ့အချိန် မတိုက်ဘူး။အခုက သူက (စကစ) ရန်သူတွေ ပတ်လည်ဝိုင်းနေချိန်မှာ မွန်ပြည်သစ်ပါတီ ရှိတဲ့နေရာကို မတိုက်တာ၊နောင်တစ်ချိန်ကျရင် တိုက်ချင်တိုက်မှာပဲ” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ စစ်ကောင်စီက မူအားဖြင့်သာ သဘောတူနိုင်ပြီး နောင်လွှတ်တော်ကျမှသာ ဆုံးဖြတ်ရမှာဖြစ်တာကြောင့် မျှော်လင့်စရာမရှိသလို နိုင်ငံရေးရလဒ် ထွက်ပေါ်ဖို့ မရှိဘူးလို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မွန်ပြည်သစ်ပါတီ (NMSP) အနေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲကို တက်ရောက်ဖို့ မသင့်ကြောင်း စစ်တမ်းတစ်ခုထွက်ပေါ်ခဲ့ပြီး ဖြေဆိုသူ ၇၃၀ ကျော်မှာ ၉၁ ရာခိုင်နှုန်းက သွားရောက်တွေ့ဆုံဆွေးနွေးဖို့ မသင့်ဘူးလို့ သဘောထားပေးခဲ့ကြတာပါ။

မွန်နိုင်ငံရေးမှာ ပါဝင်နေကြတဲ့ မွန်အဖွဲ့အစည်း (၁၀) ဖွဲ့ကလည်း စစ်ကောင်စီပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အတုအယောင်သဘောသာဖြစ်ပြီး သူတို့ရဲ့ တရားဝင်မှု ရရှိဖို့နဲ့ နိုင်ငံရေးထွက်ပေါက် ရှာဖို့သာဖြစ်တဲ့အတွက် မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ထပ်မံမပြုလုပ်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က အိတ်ဖွင့်စာပေးပို့ထားပါတယ်။

မွန်လူငယ်တစ်ဦးကလည်း မွန်ပြည်သစ်ပါတီကို အာဏာသိမ်း စစ်တပ်နဲ့ တွေ့ဆုံတာ မဖြစ်စေချင်ကြောင်းနဲ့ အခြားသော တိုင်းရင်းသားတွေနဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်စေချင်တယ်လို့ ပြောပါတယ်။

“သွားတွေ့တဲ့အပေါ် မူတည်ပြီး အမှန်တိုင်းပြောရရင် သဘောမကျဘူး။ကျွန်တော်တို့ ဖြစ်စေချင်တာက အကြမ်းဖက်စစ်တပ်နဲ့ သွားပြီးတော့ စကားပြောနေတာမျိုးကို မဖြစ်စေချင်ဘူး။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ ဒီအချိန်မှာ ကိုယ့်ရဲ့ အင်အားကို တည်ဆောက်ပြီး တော် လှန်ရေးမှာ အခြားသော တိုင်းရင်းသားတွေနဲ့အတူ ပါဝင်ဖို့အတွက်ကိုပဲ ကျွန်တော်တို့က ဖြစ်စေချင်တာ” လို့ သူက ဆိုပါတယ်။

မွန်နိုင်ငံရေးမှာ ပါဝင်နေကြတဲ့ မွန်အဖွဲ့အစည်း (၁၀) ဖွဲ့ကတော့ စစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပြင်ဆင်ရေးနဲ့ သူတို့ရဲ့ အာဏာတည်မြဲရေးကိုသာ ကြိုးပမ်းနေတဲ့အတွက် အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတာက ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းနေခြင်းသာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်ထိုးထားတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခြောက်ဖွဲ့နဲ့ အပစ်ရပ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း သုံးဖွဲ့တို့ တက်ရောက်ဆွေးနွေးထားပြီး ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီကတော့ စစ်ကောင်စီနဲ့ ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါတီစုံဒီမိုကရေစီနစ် ခိုင်မာအောင် တည်ဆောက်သွားဖို့ ၊ ပါတီစုံ ဒီမိုကရေစီစနစ်ကနေ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်သွားဖို့နဲ့ မွန်ရေးရာကိစ္စရပ်တွေ ဆောင်ရွက်ပေးဖို့ အပါအဝင် အချက် ၇ ချက် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ပြောဆိုထားပါတယ်။

စစ်ကောင်စီနဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးသွားရောက် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ တာဝန်ရှိသူထံ သံလွင်တိုင်းမ်က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.