ထားဝယ်၊ အောက်တိုဘာ (၁၂)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး ထားဝယ်-ရေးကားလမ်းပေါ်မှာ အောက်တိုဘာ ၁၁ ရက်နေ့ မနက် ၆ နာရီလောက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ထားဝယ်ဘက်ကနေ ရေးဘက်ကို ထွက်ခွာလာတဲ့ သရက်ချောင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ အမှတ်(၄၀၃)၊ (၄၀၄)၊ (၄၀၅)တပ်ရင်းက တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား ၉ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ထားဝယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက အနီးဝန်းကျင်တွေကို သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက် မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးဝန်းကျင်မှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲ တိုက်ခိုက်ခံနေရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၇၀၀၀ ကျော်ဟာ နီးစပ်တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.