နေပြည်တော် – အောက်တိုဘာ(၁၁)
မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ကောင်စီဝင်တွေပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုညှိနှိုင်းရေးကော်မတီတို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီနေ့ အောက်တိုဘာလ(၁၁) ရက်နေ့ မှာ နေပြည်တော်မှာရှိတဲ့ ဘုရင်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်မှာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ မွန်ပြည်သစ်ပါတီ(NMSP) အဖွဲဝင်တွေတွေ့ဆုံခဲ့တာပါ။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ တို့နဲ့အတူ ဗိုလ်ချုပ်ကြီး မြထွန်းဦး ၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည်တို့တက်ရောက်ခဲ့ကြပြီး မွန်ပြည်သစ်ပါတီဘက်က ဒုတိယဥက္ကဋ္ဌ နဲ့အတူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်နဲ့ ဗဟိုကော်မတီဝင် နိုင်အမ်စိုက်ချမ်းတို့ တက်ရောက်ခဲ့ကြပါတယ်။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွးနွေးတာတွေ ထပ်မလုပ်ဖို့ မွန်အဖွဲ့အစည်းတွေ တောင်ဆိုနေတဲ့ ကြားက စစ်ခေါင်းဆောင်နဲ့ ဒုတိယအကြိမ်ငြိမ်းချမ်းရေးသွားရောက်ဆွေးနွေးတာဟာ မွန်ပြည်သစ် ပါတီအနေနဲ့ လူထုဆန္ဒကိုမထီမဲ့မြင်ပြုလုပ်တာဖြစ်တယ်လို့ မွန်လူငယ်တွေက ဝေဖန်ထားပါတယ်။
မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေက ဒုတိယအကြိမ်ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးခွင့်ရပြီး ကန့်သတ်ချက်တွေမထားဘဲ ဆွေးနွေးခွင့်ရရှိခဲ့တဲ့အတွက် အားရကျေးဇူးတင် တယ်လို့ ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
တွေ့ဆုံပွဲအပြီးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယ ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်တွေကို အမှတ်တရ လက်ဆောင်ပစ္စည်းတွေပေးအပ်ခဲ့ပြီး အတူတကွ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်