တိုကျို၊ အောက်တိုဘာ (၁၂)
လိင်တူချစ်သူတွေ မှတ်ပုံတင်ခြင်း စနစ်အတွက် လျှောက်လွှာတင်နိုင်တဲ့ စနစ်တစ်ခုကို အောက်တိုဘာလ ၁၁ရက်နေ့မှာ တိုကျို မှာ ဖွင့်လှစ်ပေးခဲ့ပြီး ဒါဟာ ဂျပန်နိုင်ငံအတွက် ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ မတူကွဲပြားမှုတွေကို လက်ခံကျင့်သုံးမှုအခြေအနေမှာ အခြားသော နိုင်ငံတွေထက် နောက်ကျနေတဲ့ နိုင်ငံဖြစ် ပြီး လိင်တူလက်ထပ်ခြင်းကို ခွင့်မပြုတဲ့ တစ်ခုတည်းသော G7 နိုင်ငံဖြစ်ပေမယ့် အခုလို ပြုလုပ်ခွင့်ပေးခြင်းဟာ ဂျပန်နိုင်ငံအတွက် အမှတ်သင်္ကေတ တစ်ခုလည်း ဖြစ်နေတာပါ။
ဒီစနစ်ဟာ လိင်တူ စုံတွဲတွေအတွက် တရားဝင်လက်ထပ်ခြင်းဆိုင်ရာ အကျိုးကျေးဇူးတွေကို မပေးနိုင်ပေမယ့်လည်း LGBTQ အခွင့်အရေးအုပ်စုတွေက ရွေ့လာတဲ့ ခြေလှမ်းတစ်ခုအဖြစ် ကြိုဆိုနေကြပါတယ်။
“တိုကျိုမှာ ဒီစနစ်ကို မိတ်ဆက်တာဟာ အလွန်အပြုသဘောဆောင်ပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့တော့ လက်တွဲဖို့က မလုံလောက်သေးဘူး။ အခြေခံအားဖြင့် တရားဝင်လက်ထပ်မှုကို လိုချင်တယ်” လို့ တိုကျိုက LGBT အခွင့်အရေးအဖွဲ့အစည်း Fair မှ အကြီးအကဲ ဆိုရှီက ပြောပါတယ်။
ဂျပန်နိုင်ငံဟာ သက်ကြီးရွယ်အိုများပြားတာနဲ့ အမျှ ဒီလို ပြဌာန်းချက်တွေ မပြောင်းလဲခဲ့ရင် အခြားနိုင်ငံတွေနဲ့ ယှဉ်လာပါက ဂျပန်နိုင်ငံရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တယ်လို့ အခြားသောအဖွဲ့တွေကလည်း သတိပေးပြောဆိုခဲ့ကြတာပါ။
ကွန်ဆာဗေးတစ် အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကတော့ ဒီကိစ္စကို သတိထားလုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
အခုလို လိင်တူလက်ထပ်ဖို့ လျှောက်လွှာတင်တဲ့ အခါမှာတော့ သတ်မှတ်ချက်တွေရှိနေသေးပြီး အဲဒီသတ်မှတ်ချက်တွေကတော့ တိုကျိုမှာ အနည်းဆုံး လက်တွဲဖော်တစ်ဦးနှင့်နေထိုင်ခြင်း၊ အလုပ်လုပ်နေသော ဒါမှမဟုတ် ကျောင်းတက်နေတဲ့ စုံတွဲတွေနဲ့ အနည်းဆုံးတော့ (၁၈) နှစ်ပြည့်ပြီးသူတွေ ဖြစ်ဖို့လိုတယ်လို့ ဆိုပါတယ်။
လျှောက်လွှာတွေကို အွန်လိုင်းမှာ မှတ်ပုံတင်မှုပြုလုပ်ရမှာဖြစ်ပြီး အသိအမှတ်ပြု လက်မှတ်ကိုတော့ နိုဝင်ဘာ ၁ ရက်မှ စတင်ရရှိ နိုင်မှာ ဖြစ်တယ်လို့ တိုကျိုမြို့တော်အစိုးရ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
“LGBT အခွင့်အရေးတွေကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ပြီး လေးစားလိုက်နာမှုမှာ တိုကျိုဟာ သက်ရောက်မှုကြီး မားတဲ့အတွက် ဒါဟာ အံ့သြစရာကောင်းတဲ့ အရာပါပဲ”လို့ Marriage For All Japan အဖွဲ့မှ ဟီရိုရှီအီကီဒါက ပြောပါတယ်။
လိင်တူစုံတွဲတွေဟာ ဆေးဘက်ဆိုင်ရာ အကြံပြုဆုံးဖြတ်ခြင်းကနေ ဖယ်ကျဉ်ခံရတာ၊ နေရာထိုင်ခင်း ငှားရမ်းရာမှာလည်း အခက်ခဲတွေ ကြုံရတာနဲ့ အမွေဆက်ဆံခွင့် နည်းပါးတာတွေ ကြုံတွေ့ရလေ့ရှိတာကြောင့် “နောက်ဆုံးတော့ ဗဟိုအစိုးရက ဥပဒေတွေ မပြောင်းမချင်း လုပ်လို့မရတာတွေ အများကြီးရှိတယ်” လို့ သူက ဆက်ပြောပါတယ်။
မကြာသေးမီနှစ်များအတွင်း လိင်တူလက်ထပ်ခြင်းအပေါ် သာမန်ပြည်သူလူထုအကြား သဘောထားတွေဟာ အပြုသဘော ဆောင်လာခဲ့ပေမယ့် အချို့သော ရှေးရိုးစွဲနိုင်ငံရေးသမားတွေကတော့ အဲဒီအယူအဆအပေါ် ရန်ငြိုးထားနေကြဆဲ ဖြစ်ပါတယ်။
အိုင်ချီစီရင်စုရှိ LDP အုပ်ချုပ်ရေးအဖွဲ့ဝင် နိုဘူရိုက လိင်တူလက်ထပ်ခြင်းကို “ရွံရှာဖွယ်”လို့ အွန်လိုင်းမှာ ပို့စ်တစ်ခု တင်ပြီး တဲ့နောက် အခုလ အစောပိုင်းမှာ ပြန်လည်တောင်းပန်ခဲ့ရဖူးပါတယ်။
အာသစ် (11/10/2022)