နေပြည်တော် – အောက်တိုဘာ(၁၀)
မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းဦးဆောင်တဲ့ အဖွဲ့ဟာ အာဏာသိမ်းစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ ဒီနေ့ အောက်တိုဘာလ(၁၀) ရက်နေ့ ညနေပိုင်းက ရောက်ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
သူတို့တွေကို စစ်ကောင်စီအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီအဖွဲ့နဲ့ စစ်ကောင်စီလက်ပါးစေ တွေက ဝါဒဖြန့် မွန်ဘာသာ၊မြန်မာဘာသာ စာတွေ နဲ့ ကြိုဆိုနှုတ်ဆက်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ မေလ (၂၃) ရက်နေ့ကနေ (၂၅) ရက်နေ့အထိ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီတို့ တွေ့ဆုံထားတဲ့ အဲ့ဒီတွေ့ဆုံပွဲမှာ ပါတီစုံဒီမိုကရေစနစ်ခိုင်မာရေး၊ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအပါအဝင် အချက်လေးချက် ဆွေးနွေးခဲ့ကြတာပါ။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ တစ်နိုင်ငံလုံးမှာ စစ်မျက်နှာဖွင့်ထားရသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ထိတွေ့မှုတွေရှိနေတဲ့အတွက် ရှေ့တန်းစစ်မျက်နှာတွေကနေ သူတို့ရဲ့ လက်ပါးစေတပ်သားတွေ မကြာခဏထွက်ပြေးတာနဲ့ ရင်ဆိုင်နေကြရပါတယ်။
လက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကရင်အမျိုးသား အစည်းအရုံး KNU၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA၊ ကရင်နီအမျိုးသားကာကွယ် ရေးတပ် KNPP၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကျောင်းသားတပ်မတော် ABSDF၊ တအန်း (ပလောင်)တပ်ဖွဲ့ PSLF/TNLA၊ ရက္ခိုင့်တပ်တော် ULA/AA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကတော့ စစ်ကောင်စီနဲ့တွေ့ဆုံထားတာမရှိသလို မြေပြင်မှာတိုက်ပွဲတွေ ဖြစ်ပွားနေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်