ရှမ်းပြည်နယ် အပါအဝင် ပြည်ထောင်စုအအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံခြင်းကနေ မဟာမိတ်ဖြစ်လာနိုင်ဖို့၊ စည်းလုံးညီညွတ်မှု တည်ဆောက်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အထိ ဆောက်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
RCSS ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံကတော့ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေလျှော့နိုင်ဖို့ ကမ်းလှမ်းရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
တွေ့ဆုံဆွေးနွေးပွဲကို အခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ကနေ နောက်နှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ သတ်မှတ်ထားပေမယ့် ရလဒ်အပေါ် မူတည်ပြီး အချိန်ထပ်တိုးဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခုထုတ်ပြန်ချက်မတိုင်ခင် ရှေ့တန်းမှာရှိနေတဲ့ RCSS ရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကို တိုက်ပွဲကြီးတွေ မဖော်ဆောင်ဖို့၊ စစ်ကြောင်းရှိလာရင် ထိတွေ့မှု မရှိအောင် ကြိုတင်ညှိနှိုင်းဖို့နဲ့ ခုခံစစ်ကလွဲရင် ထိုးစစ်မဆင်ဖို့ ညွှန်ကြားထားတာ ရှိတယ်လို့လည်း ပြောပါတယ်။
လက်ရှိ နိုင်ငံရေး၊စစ်ရေး ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာတဲ့ ပြည်တွင်းပြည်ပ စစ်ဘေးရှောင်တွေ အမြောက်အများရှိတာ၊စီးပွားရေးကျဆင်းတာ၊စိုက်ပျိုးရေးသီးနှံတွေ ဈေးကွက်မရှိတာ၊ စားဝတ်နေရေး ကျပ်တည်းတာ၊ ခရီးသွားလာရေး ခက်ခဲတာတွေ မြေဇာပင်လူထုက များစွာ အတိဒုက္ခရောက်နေခဲ့ရတယ်လို့ RCSS က ဆိုပါတယ်။
ဒါကြောင့် တွေ့ဆုံခြင်းနည်းလမ်းနဲ့ လက်ရှိ နိုင်ငံရေး၊စစ်ရေး ပြဿနာတွေ ဖြေရှင်းဖို့ ပေါ်လစီ (မူဝါဒ) ချမှတ်ထားပြီး ဆွေးနွေးမှုကနေတဆင့် အပြန်အလှန်ဝင်ထွက် သွားလာ ဆက်ဆံနိုင်ဖို့၊အထင်မှားမှုတွေကို လျှော့ချနိုင်ဖို့၊နားလည်မှုရရှိဖို့ ၊ ယုံကြည်မှုတည်ဆောက်နိုင်ဖို့နဲ့ လူထုတိုင်းပြည်အကျိုးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
RCSS ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နှစ်ကြိမ် တက်ရောက်ဆွေးနွေးထားပြီးလည်း ဖြစ်ပါတယ်။
RCSS ရဲ့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်အပေါ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အပါအဝင် ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားသိရှိနိုင်ဖို့ သံလွင်တိုင်းမ်က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆက်အသွယ်ခြင်း မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်