ရန်ကုန်၊ အောက်တိုဘာ (၉)
နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် စက်တင်ဘာလကုန်ထိ အမျိုးသမီး သေဆုံးမှု ၃၀၀ ကျော်အထိ ရှိလာတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က အောက်တိုဘာ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လတည်းမှာပဲ အမျိုးသမီး ၂၃ ဦး သေဆုံးပြီး အမျိုးသမီး ၃၁ ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးသွားတာ ဖြစ်ပါတယ်။အာဏာသိမ်း ကာလအတွင်းမှာ အမျိုးသမီး စုစုပေါင်း ၂၄၀၀ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အဲဒီထဲက အမျိုးသမီး ၂၀၀ ကျော်ဟာ ပြစ်ဒဏ်အသီးသီး ချမှတ်ခံထားရတာပါ။
ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီး ၂၀၀ ကျော်ထဲက ၉ ဦးဟာ သေဒဏ်ချမှတ်ခံထားရသူဖြစ်ပြီး အမျိုးသမီး ၁၀ ဦးမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသလို ထောင်ဒဏ် ၉ နှစ်နဲ့အထက် ချမှတ်ခံထားရသူ ၅၀ ကျော် ပါဝင်နေပါတယ်။
ဒီစာရင်းတွေဟာ နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ မြန်မာ့အမျိုး သမီးသမဂ္ဂ (BWU) တို့ကနေ ကောက်ယူထားတဲ့ အချက်အလက်တွေဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုမိုများပြားနိုင်တယ်လို့ ဆိုထားပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ သတင်းနဲ့ မှတ်တမ်းတင်ဌာန၊ လက်ထောက်တာဝန်ခံကတော့ စက်တင်ဘာလအတွင်း ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေဟာ ဧည့်စာရင်းကြောင့် အဖမ်းခံရသလို လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေပြောဆိုရေးသားမှုတွေကြောင့် ဖမ်းဆီးခံရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းလိုက်တဲ့အတွက် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုတွေကြားမှာ တရားဥပဒေစိုးမိုးရေးတွေ ချွတ်ခြုံကျလာနေချိန် ခိုးဆိုးလုယက်မှုတွေ၊ ဓါးပြတိုက်မှုတွေကြောင့် အမျိုးသမီးတွေ သတ်ဖြတ်ခံခဲ့ရတာလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
တစ်ဖက်မှာတော့ အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ ကန့်သတ်ဖိနှိပ်မှုတွေကြားကနေ စစ်အာဏာ ရှင်စနစ်ဆန့်ကျင်ရေး သပိတ်တိုက်ပွဲတွေမှာ ပါဝင်နေကြဆဲဖြစ်သလို လက်နက်ကိုင် ခုခံတော်လှန်ရေးမှာလည်း အမျိုးသမီးစစ်သည်တော်တွေ၊ နောက်တန်းထောက်ပို့တပ်သားတွေအဖြစ် တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်