စစ်တွေ၊ အောက်တိုဘာ (၈)

စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး ထောက်ပံ့ကူညီမှုတွေရပ်ဆိုင်းထားဖို့ ညွှန်ကြားထားတဲ့အတွက် ရခိုင်ပြည်နယ် မြောက် ပိုင်းမှာ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ရေနဲ့ အဝတ်အထည်တွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေး နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲပြင်းထန်နေတဲ့ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြားနဲ့ မြေပုံ မြို့နယ်တွေမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယအပတ်ထဲမှာ ညွှန်ကြားခဲ့တာပါ။

“ အဓိကကတော့ စားဝတ်နေရေးသုံးခုလုံးလိုတာပေါ့။ မိုးအကုန်ဆောင်းအကူးမှာ ရခိုင်ဒေသအတွက အနွေးထည်က တကယ်လိုတယ်။ဟိုမှာက ရန်ကုန်ဆောင်းလိုမှ မဟုတ်တာ။ မနက် မိုးလင်းတာနဲ့ ဆောင်းတွင်းကအေးတာ။မိုးကလည်း ရွာနေသေးတော့ အဝတ်အထည်ကလည်း လိုတယ်။ နာလို့အော်တာလား ဆာလို့အော်တာလားဆိုရင် ဆာလို့အော်နေရတာလို့ ပြောရမယ် ’’ လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ ဒေသခံ တစ်ဦးကဆိုပါတယ်။

အရင်ကတည်းက တိုက်ပွဲတွေ ပဋိပက္ခတွေကြောင့် အကူအညီထောက်ပံ့မှုများစွာ လိုအပ်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသဟာ ယခင်စစ်ပွဲကာလတွေကတည်းက စစ်ရှောင် သိန်းဂဏန်းခန့် နေရပ်မပြန်နိုင်သေးဘဲရှိနေချိန်မှာ စစ်ကောင်စီက လူသားချင်း စာနာမှု အကူအညီတွေ ဖြတ်တောက်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ယခင်က ရခိုင်မြောက်ပိုင်းဒေသခံတွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ အပြည်ပြည် ဆိုင်ရာကြက် ခြေနီကော်မတီ (ICRC)၊ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)၊ UNHCR, FAO, ,UNOCHA, UNDP, WHO အပါအဝင် အစိုးရမဟုတ်တဲ့ အဖွဲ့အ စည်း ၁၀၀ ကျော်က စားနပ်ရိက္ခာအပါအဝင် အဝတ်အထည်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပုံမှန်ထောက်ပံ့နေခဲ့တာပါ။

သြဂုတ်လနှောင်းပိုင်းကစပြီး ရက္ခိုင်တပ်တော်(AA)က စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းတွေကို သိမ်းယူတာတွေ ရှိလာ တဲ့အတွက် စစ်ကောင်စီတပ်က စခန်းပြန်လည်ရရှိရေး စစ်ရဟတ် ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ အပြင်းအထန် တိုက်ခိုက်တာ၊ ကျေးရွာတွေအနီး ဗုံးကြဲတာ တွေရှိတဲ့အတွက် ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင် နေကြရတာပါ။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ရက် ကလည်း တိုက်ပွဲပြင်းထန်နေတဲ့ မောင်တော မြောက်ပိုင်းသို့နိုင်ငံတကာအဖွဲ့ အစည်းများသွားလာခွင့်ကို ခေတ္တပိတ်ပင်ခဲ့ဖူးပါသေးတယ်။

ဒါ့အပြင် မြို့နယ်အများအပြားမှာ ညမထွက်ရအမိန့်တွေထုတ်တာ၊ ရှာဖွေစစ်ဆေးမှု တွေ ၊ ဖမ်းဆီးမှုတွေ လုပ်တာအပါအဝင် အသွားအလာကန့်သတ်ချက်တွေစတဲ့ လုံခြုံရေး အစီအမံတွေကိုလည်း စစ်ကောင်စီက လုပ်ဆောင်လို့နေ တာပါ။

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AAတို့ရဲ့တစ်‌ ကျော့ပြန်တိုက်ပွဲ အတွင်း ကျေးရွာပေါင်း ၂၀ ဝန်းကျင်က လူဦးရေသောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.