မော်လမြိုင် – အောက်တိုဘာ(၈)

နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေးတို့ ပြန်လည် တည် ဆောက်ဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ခံအစိုးရ NUG၊တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း EROs တွေနဲ့ ထိတွေ့ပူးပေါင်းဆက်ဆံဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၇) ရက်နေ့က ပြုလုပ်တဲ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥပဒေရေးရာဆိုင်ရာကော်မတီ(ဆဋ္ဌမကော်မတီ)အစည်းအဝေးမှာ သံအမတ်ကြီးက အခုလို ပြောဆို ခဲ့တာပါ။

“အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ခိုင်မာစွာ ရပ်တည်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးမှုတို့ ပြန်လည်တည်ဆောက် ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ရွေးကောက်ခံ အမျိုးသားညီညွတ်ရေးအစိုးရ၊တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံကြဖို့ တောင်းဆိုတယ်” လို့ သံအမတ်ကြီး ဦးကျော်မိုး ထွန်းက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အခက်အခဲကို ဒေသတွင်းနဲ့ နိုငံတကာအဆင့်(အထူးသဖြင့်) ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ လက်တွဲညီညီပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းဖို့လိုအပ်သလို စစ်တပ်က ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ပြီး တရားမျှတရေးလုပ်ငန်းစဉ်ကို စတင်ဖော် ဆောင် ရမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ကို တရားမဝင် ဖယ်ရှားတာဟာ တရားဥပဒေစိုးမိုးမှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာ ရောက်တယ်ဆိုတာ ဆဋ္ဌမကော်မတီ အနေနဲ့ သိရှိမှာဖြစ်တယ်လို့လည်း မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုဆိတ်သုဉ်းနေပြီး ပြည်သူတွေအနေနဲ့ တရားမမျှတမှုတွေကို လူးလိမ့်စွာ ခံစားနေရသလို တရားမဝင်စစ်အာဏာသိမ်းမှုဖြစ်ပေါ်ချိန်ကစပြီး ပြည်သူတွေကို စစ်တပ်က နည်းမျိုးစုံနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ လူနေအိမ်တွေမီးရှို့ဖျက်ဆီးမှုတွေ၊ မြို့နယ်ကျေးရွာ စာသင်ကျောင်းတွေကို လေကြောင်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်တာတွေကို လုပ်ဆောင် နေတယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ သမ္မတဦးဝင်းမြင့်၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အပြစ်မဲ့ပြည်သူတွေအပါအဝင် ရွေးကောက်ခံအရပ်သားအစိုး ရအဖွဲ့ အကြီးအကဲတွေကို ဓားစာခံ အဖြစ် ဖမ်းဆီးထားပြီး လျှို့ဝှက်တဲ့ တရားခွင်စစ်ဆေးတာတွေ ပြုလုပ်နေ တာဟာစစ်တပ်ရဲ့ထင်ရှားတဲ့ ဥပဒေမဲ့လုပ်ရပ်တွေဖြစ်တယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.