စစ်တွေ – အောက်တိုဘာ(၇)

ရခိုင်နဲ့ ချင်းပြည်နယ်က အောက်တိုဘာလ ပထမပတ်အတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၄၀) ဦးသေဆုံးပြီး (၂၅) ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA) က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေမှာ ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်(မြိုခမီ)ရွာနဲ့ တောင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က(၁၇) ဦးသေဆုံးပြီး(၁၅)ဦးဒဏ်ရာရခဲ့တဲ့အပြင် လက်နက်ခဲယမ်း၊စစ် အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ဆိုထားပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲပြင်းထန်နေချိန် လေယာဉ်နဲ့ ဗုံးကြဲတာတွေလုပ်ဆောင်နေသလို တိုက်ပွဲ မရှိတဲ့အချိန်တွေမှာလည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တဲ့အတွက် ပြည်သူ(၁) ဦးသေဆုံးကာ(၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို နွား(၃) ကောင်လည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုလို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့၊ညမရွေး လုပ်ဆောင်နေတာကြောင့် ရွာ (၁၃) ရွာထိခိုက်ခဲ့ပြီး နေအိမ်(၁၄) လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင်စစ်ကောင်စီဟာ သံတွဲ၊မာန်အောင်၊ရမ်းဗြဲ၊တောင်ကုတ်၊အမ်း၊ကျောက်ဖြူ စတဲ့ မြို့နယ်တွေ က အရပ်သား ပြည်သူတွေကို အပြစ်မရှိဘဲ မတရားဖမ်းဆီးနှိပ်စက်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာလပထမအပတ်အတွင်း ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီ တို့ဟာ တိုက်ပွဲကြီး (၁၀) ပွဲကျော် နဲ့ တိုက်ပွဲငယ်(၁၀) ပွဲကျော်ရှိခဲ့ပြီး AA ဘက်ကလည်း ထိခိုက်ကျဆုံးသူအနည်းငယ်ရှိခဲ့ တယ်လို့ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ရက္ခိုင့်တပ်တော်(AA)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.