ရန်ကုန်၊ အောက်တိုဘာ (၈)

တော်လှန်ရေး ခံယူချက်၊ ယုံကြည်ချက်မရှိသူတဲ့ တပ်မတော်သားတွေ CDM မှာ မပါဝင်လာနိုင်ရေး စနစ်တကျ စိစစ် ဆောင်ရွက်သွားတော့မယ်လို့ CDM တပ်မတော်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ၅ ဖွဲ့က အောက်တိုဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

CDM တပ်မတော်သားတွေ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်းအဖွဲ့၊ People’s Soldiers Defense Force နဲ့ Breaking Brain Washed တို့ဟာ CDM ကနေ Non CDM အဖြစ် ပြောင်းလဲပြီး စစ်ကောင်စီထံ ပြန်လည်ရောက်ရှိသွားတဲ့ ဗိုလ်မှူးမျိုးမင်းထွန်းဖြစ်စဉ်ပြီးနောက် အခုလို ထုတ်ပြန်ကြေညာလိုက်တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က စစ်ကောင်စီရဲ့ လက်အောက်ခံ မီဒီယာတွေနဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ Non CDM ပြုလုပ်သွားတဲ့ ဗိုလ်မှူးမျိုးမင်းထွန်းက NUG နဲ့ တော်လှန်ရေး အကြောင်း မဟုတ်မမှန်တွေ ထွက်ဆိုခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် နောက်ပိုင်းမှာ ဗိုလ်မှူးမျိုးမင်းထွန်း ဖြစ်စဉ်ကို သင်ခန်းစာယူပြီး တော်လှန်ရေး ခံယူချက်နဲ့ ယုံကြည်ချက်မရှိတဲ့သူတွေ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ မပါဝင်လာနိုင်ရေး စနစ်တကျ စိစစ် ဆောင်ရွက်သွားတော့မယ်လို့ CDM တပ်မတော်သားတွေက ဆိုပါတယ်။

CDM ဗိုလ်ကြီး တစ်ဦး ဖြစ်တဲ့ ကိုဗစ်တာကလည်း ဗိုလ်မှူးမျိုးမင်းထွန်းရဲ့ဖြစ်စဉ်ကြောင့် နောင်မှာ CDM ဝင်လာမယ့် စစ်သားနဲ့ရဲတွေ ပိုပြီးစောင့်ကြည့်ခံရနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီဖြစ်စဉ်ကတော့ စစ်သားCDM အဟောင်းတွေ၊ သက်ဆိုင်ရာကိုရောက်နေတဲ့နယ်မြေနဲ့ ယုံကြည်မှု တည် ဆောက်နိုင်ပြီးသား CDM သမားတွေကတော့ သိပ်ပြသနာမရှိဘူးပေါ့ဗျာ။ ဒါပေမယ့် အဓိကဘတိုင်ပတ်သွားမှာက စစ်တပ်ထဲမှာရှိနေတဲ့သူတွေဗျ။ရှေ့လျောက် CDM ဝင်မယ်ဆိုလဲ ပြည်သူက အယုံအကြည်ကင်းမဲ့နိုင်တာပေါ့။ CDM ဝင်မယ်ဆိုရင် ပိုပြီးတော့ စိစစ်ခံရမယ်။ ပိုပြီးစောင့်ကြည့်ခံရတာနိုင်တာပေါ့” လို့ ပြောပါတယ်။

ဗိုလ်မှူးမျိုးမင်းထွန်းဟာ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ခုခံစစ်ကြောင့် စစ်ကောင်စီ ရှေ့တန်းစခန်းတွေနဲ့ စစ်ကြောင်းတွေ ထိခိုက်ကျဆုံးများနေချိန် စစ်ကောင်စီခမရ(၃၅၁)တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူးအဖြစ် တာဝန်ယူထားရသူဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သူ့ရဲ့ ဇာတိ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတာတွေကို သိရှိသွားပြီးနောက် စစ်ကောင်စီ ခေါင်းဆောင်တွေက လက်အောက်ငယ် သားတွေကို အသေခံတိုက်ပွဲဝင်ဖို့ ညွှန်ကြားနေတဲ့အတွက် CDM ပြုလုပ်လာခဲ့တာလို့ CDM တပ်မ တော်သားတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်မှူးမျိုးမင်းထွန်းဟာ ပြည်သူ့ဘက် ပူးပေါင်းပြီး ပြည်သူတွေရဲ့ ထောက်ခံမှုကို ရခဲ့ပေမယ့် တော်လှန် ရေးအင်အားစုတွေကို သူသိရှိထားတဲ့ ပညာရပ်တွေနဲ့ အတွေ့အကြုံတွေကို တစုံတရာ မျှဝေခြင်းမရှိခဲ့သလို သူ့ရဲ့ နေထိုင် စားသောက်နိုင်ရေးအတွက် CDM တပ်မတော်သားတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပြည်သူတွေကလည်း ထောက်ပံ့မှုတွေရှိခဲ့ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးမျိုးမင်းထွန်းဟာ တတိယ နိုင်ငံရောက် CDM တပ်မတော်သားတွေ ပြည်ပရောက် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် မကြာခင် တတိယ နိုင်ငံသို့ သွားရောက်ရတော့မှာ ဖြစ်ပြီး Non CDM အဖြစ် ပြန်မလုပ်ခင်က တတိယနိုင်ငံကို သွားရမယ့်အစီအစဉ်ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းလိုက်ရပြီး သူ့အမျိုးသမီးရဲ့ ပြန်ခေါ်မှုတွေလည်း ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် CDM တပ်မတော်သားတွေအနေနဲ့ NUG အစိုးရနဲ့ ပူးပေါင်းပြီး တော်လှန်ရေးအောင်မြင်ဖို့ လမ်းစတစ်ခုဖြစ်တဲ့ CDM လက်ခံကြိုဆိုရေးနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေကို ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုဖြင့် ပိုမို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ တော်လှန်ရေး အောင်မြင်ဖို့ ပိုမို ကြိုးစားသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.