မော်လမြိုင်၊ အောက်တိုဘာ (၈)
အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အယူခံကို လာမယ့်ရုံးချိန်းမှာ အမိန့်ချမှတ် သွားဖို့ ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီက မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က)နဲ့ တရားစွဲပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာပါ။
အဲဒီအမိန့်အပေါ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ရှေ့နေအဖွဲ့က မော်လမြိုင်ခရိုင်တရားရုံးမှာ အယူခံ လျှောက်တင်ထားတာပါ။
ဝန်ကြီးချုပ် ဒေါက်တားအေဇံးရဲ့ အယူခံကို အောက်တိုဘာ ၇ ရက်နေ့ ရုံးချိန်းမှာ လျှောက်လဲချက်ပေးခဲ့ပြီး လာမယ့်ရုံးချိန်းမှာ အမိန့်ချမှတ်သွားဖို့ ရှိနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
တဖက်မှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက တရားပြန်စွဲထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု ဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ် ၁၇၁(စ) ရဲ့ အမှု ၂ မှုကို ဆက်လက် တရားရင်ဆိုင်နေရတာပါ။
အသက် ၆၈ နှစ်အရွယ် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ၊ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀ (က)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံရပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပြီး လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်