မော်လမြိုင်၊ အောက်တိုဘာ (၈)
အာဏာသိမ်းစစ်ကောင်စီက သူတို့လက်အောက်ခံ အစိုးရဝန်ထမ်းတိုင်းကို ဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)မှာ ၆ လကြာသင်တန်း မဖြစ်မနေတက်ဖို့ ဖိအားပေးနေပြီး ဒီသင်တန်းမှာ အခြေခံစစ်ပညာကိုလည်း တစ်လခွဲကြာ သင်ကြားပေးဖို့ လုပ်ဆောင်နေတယ်လို့ ဝန်ထမ်း အသိုင်းအဝိုင်းက ပြောပါတယ်။
အာဏာမသိမ်းခင်NLD အစိုးရလက်ထက်က နိုင်ငံဝန်ထမ်းတက္ကသိုလ်ကို အချိန်ကာလတစ်လမျှသာ တက်ရောက်ဖို့ သတ်မှတ်ထားတာဖြစ်ပေမယ့်လည်း အာဏာသိမ်းပြီး စစ်ကောင်စီလက်ထက်မှာတော့ အချိန်ကာလ သုံးလသတ်မှတ်ရာ ကနေ အခုချိန်မှာတော့ ခြောက်လကြာတက်ရောက်ဖို့ ထပ်မံညွှန်ကြား လိုက်တာပါ။
သင်တန်းမှာဆိုရင် ပညာဌာန (၈)ခုမှ စီမံခန့်ခွဲမှု၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေးသိပ္ပံ၊ နိုင်ငံရေးသိပ္ပံ၊ အင်္ဂလိပ်စာ၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာတို့ကို ၄ လကျော်ကြာ ပို့ချသွားမှာဖြစ်ပြီး ကာကွယ်ရေး၊ တိုက်ခိုက်ရေးနဲ့ အခြေခံ စစ်ပညာဘာသာရပ်တို့ကိုလည်း တစ်လခွဲကြာ သင်ကြားပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုညွှန်ကြားချက်မှာ အစိုးရဝန်ထမ်းတိုင်း မဖြစ်မနေ တက်ရောက်ရမှာဖြစ်ပြီး မတက်ရောက်တဲ့ ဝန်ထမ်းတွေ ရာထူးတိုးနဲ့ ဘယ်လိုခံစားခွင့်မျိုးမှ ပေးမှာမဟုတ်ဘူးလို့Non CDM ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ်အုပ်ချုပ်နေတဲ့ ကာလမှာ စစ်ပညာသင်ကြားရေးကို အဓိက ဦးစားပေးလာပြီး ဝန်ထမ်းတွေ မဖြစ်မနေ စစ်ပညာ တတ်မြောက်ထားရမယ်လို့ ပြောဆိုမှုကြောင့်Non CDM တွေအကြားမှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် သင်တန်းမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုတွေကို ပြန်ဖြေရှင်းပေးဖို့ ပြောဆိုခဲ့ပေမယ့် NLD ပါတီက ဆောင်ရွက်ပေးခဲ့ခြင်းမရှိတဲ့အတွက် အခုလို တပ်မတော်က အာဏာသိမ်းယူရကြောင်း၊ ဒီလိုအခြေအနေဖြစ်အောင် လုပ်ဆောင်ခဲ့တာကNLD ပါတီသာ ဖြစ်ကြောင်း အမျိုးမျိုးပြောဆိုကာ ဝါဒဖြန့်တဲ့စကားတွေလည်း ထပ်ခါတလဲလဲ ပြောဆိုခဲ့တယ်လို့ သင်တန်းတက်ရောက်ခဲ့သူတွေက ပြောပါတယ်။
လက်ရှိ နိုင်ငံဝန်ထမ်းတက္ကသိုလ်တွေ အပြင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်မှာလည်း အခြေခံစစ်ပညာဘာသာရပ်ကို ထည့်သွင်းသင်ကြားပေးနေတဲ့အပြင် နိုင်ငံတဝှမ်းက တက္ကသိုလ်နဲ့ ဒီကရီကောလိပ်တွေမှာလည်း အခြေခံပညာစစ်ပညာသင်တန်းကို ထည့်သွင်းသင်ကြားဖို့ကိုလည်း စစ်ကောင်စီက စီစဉ်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်း နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်