ထားဝယ်၊ အောက်တိုဘာ (၈)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာအနီး ထားဝယ်-ထီးခီးလမ်းပေါ်မှာ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားတယ်လို့ ထားဝယ်အရှေ့တော PDF က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ မေတ္တာဘက်ကနေ ထားဝယ်ဘက်ကို ခြေလျင်အပြင် ယာဉ်တွေနဲ့ပါ ထွက်ခွာလာတဲ့ တပ်အင်အား ၈၀ လောက် ပါတဲ့ စစ်ကြောင်းကို ကော်သူလေးအာမီ တပ်ခွဲ(၃)နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်နီးပါးကြာ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လဲကျသေဆုံးခဲ့မှုကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်တွေအပြင် စက်သေနတ်တွေနဲ့ပါ ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် ပူးပေါင်းအဖွဲ့က ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ထားဝယ်အရှေ့တော PDF အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ စစ်ကြောင်းဟာ ထားဝယ်-ထီးခီးလမ်းအတိုင်း ထားဝယ်ဘက်ကို ဆက်လက်ထွက်ခွာသွားသလို ချီတက်ရာ လမ်းတလျှောက်မှာလည်း လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ထားဝယ်-ထီးခီးလမ်းပေါ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပြီ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.