ဝါရှင်တန်၊ အောက်တိုဘာ (၈)
သမ္မတ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်နိုင်ငံမှာ ဆေးခြောက်အနည်းအကျဉ်း လက်ဝယ်ထားရှိမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမေရိကန် နိုင်ငံသားအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။
ဆေးခြောက်ကို ရိုးရှင်းစွာ လက်ဝယ်ထားရှိမှုအတွက် ဖက်ဒရယ်တရားရုံးက တရားစွဲဆိုထားတဲ့ လူပေါင်း (၆၅၀၀) ခန့်ဟာ ဒီလို ပြစ်ဒဏ်ကင်းလွတ်ခွင့်မှာ ပါဝင်နိုင်တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားတာပါ။
ပြည်နယ် အတော်များများမှာ ဆေးခြောက်နဲ့ ပတ်သက်ပြီး ဖြေလျော့မှုတွေ ရှိလာနေတာကြောင့် ဆေးခြောက်အနည်းငယ် လက်ဝယ်တွေ့တာနဲ့ လူတွေကို ထောင်ထဲထည့်နေတာဟာ ဘဝတွေကို အဆုံးသတ်စေတယ်လို့ ဘိုင်းဒန်က အောက်တို ဘာ ၆ရက်နေ့က ပြောပါတယ်။
ကိန်းဂဏန်းအရ လူဖြူမဟုတ်တဲ့သူတွေဟာ ဆေးခြောက်ကြောင့် ထောင်ကျဖို့ အလားအလာပိုများတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အရင်ချိန်က အိမ်ဖြူတော် သမ္မတလောင်းတစ်ဦးအနေနဲ့ ဘိုင်ဒန်ဟာ မူးယစ်ဆေးဝါးရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်တွေကို တင်းတင်းကျပ်ကျပ်ဖြစ်စေမယ့် (၁၉၉၄) ခုနှစ် ရာဇဝတ်မှုဆိုင်ရာဥပဒေမူကြမ်းကို ရေးသားခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပြီး လူနည်းစုတွေကို ပိုမိုအကျဉ်းကျစေခဲ့တာပါ။
အခုအခါမှာတော့ သမ္မတဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေအားလုံးကို ဆေးခြောက်မှုတွေနဲ့ ပတ်သက်ပြီး လွတ်ငြိမ်းချမ်း သာခွင့်ပေးဖို့ တောင်းဆိုခဲ့ပြီး ဖက်ဒရယ်ဥပဒေအောက်မှာ ဆေးခြောက်ကို ဘယ်လိုခွဲခြားသတ်မှတ်သင့်သလဲ ဆိုတဲ့ အချက်ကို ပါ ပြန်လည်သုံးသပ်ပေးဖို့ တရားရေးရာဌာနနဲ့ ကျန်းမာရေးဌာနတို့ ကို ညွှန်ကြားခဲ့ပါတယ်။
အပန်းဖြေဖို့အတွက် ဆေးခြောက်သုံးစွဲမှုကို ပြည်နယ် (၁၉) ခုနဲ့ ဝါရှင်တန်ဒီစီတို့မှာ တရားဝင်ဖြစ်နေပြီဖြစ်ပြီး ဆေးဝါးဆိုင်ရာ အသုံးပြုမှုအတွက် ပြည်နယ် (၃၇) ခုနှင့် အမေရိကန် နယ်မြေ (၃) ခုတို့မှာလည်း တရားဝင်ဖြစ်နေပြီလို့ ပြောပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စရပ်ဟာ ဂျိုးဘိုင်ဒင်ရဲ့ သမ္မတသက်တမ်း နောက်ဆုံးနှစ်နှစ်အတွက် ဝါရှင်တန်ရှိ အာဏာချိန်ခွင် လျှာကို ဆုံးဖြတ်ပေးမယ့် နိုဝင်ဘာလွှတ်တော် သက်တမ်းလယ် ရွေးကောက်ပွဲတွေမတိုင်မီ တစ်လအလိုမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်သတင်းနဲ့ အတူ ဆေးခြောက်ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေဟာ စတော့ရှယ်ယာဈေးကွက်မှာ (၂၀%) အထိ ခုန်တက်သွားတာပါ။
သမ္မတဟောင်း ဒေါ်နယ်ထရန့်ကလည်း သူရဲ့ သမ္မတသက်တမ်း နောက်ဆုံးအချိန်မှာ လက်ရှိသမ္မတဂျိုးဘိုင်ဒန်ရေးဆွဲ ထားတဲ့ ရာဇဝတ်မှုဥပဒေနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံထားရသူ အချို့အပါအဝင် ဆေးခြောက်ပြစ်မှုကျူးလွန်သူ (၁၂)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ဖူးပါတယ်။
Ref: BBC