မော်လမြိုင်၊ အောက်တိုဘာ (၈)
စပိန်လာလီဂါ ကလပ်အသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာနဲ့အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ ပြင်သစ်လက်ရွေးစင် ဝါရင့်တိုက်စစ်မှူး ဂရစ်ဇ်မန်း အပြောင်းအရွှေ့အတွက် နှစ်ဖက် သဘောတူညီမှု ရှိသွားပြီလို့ စပိန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
အသက် ၃၁ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းကနေ အသင်းဟောင်း အက်သလက်တီကိုမက်ဒရစ်အသင်းထံ ၂ နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။
စာချုပ်ပါ အချက်အလက်တွေအရ သတ်မှတ်ထားတဲ့ ပွဲကစား ချိန်ပြည့်ရင် အက်သလက်တီကိုမက်ဒရစ်အသင်းအနေနဲ့ ဝါရင့်တိုက်စစ်မှူး ဂရစ်ဇ်မန်းကို လာမယ့် နွေရာသီမှာ ယူရိုသန်း ၄၀ နဲ့ အပြီးသတ် ခေါ်ယူရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အခုအခါမှာတော့ ဂရစ်ဇ်မန်း အပြောင်းအရွှေ့အတွက် နှစ်ဖက်အသင်း သဘောတူထားတဲ့ ယူရိုသန်း ၄၀ ကနေ ယူရိုသန်း ၂၀ သာ ပေးချေဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။
ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ပြီးခဲ့တဲ့ ၂၀၁၉ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ၂ ရာသီနီးပါးကြာ ကစားပြီးနောက် အက်သလက်တီကိုမက်ဒရစ် အသင်းထံ ပြန်လည် ပြောင်းရွှေ့လာခဲ့တာပါ။
ဝါရင့် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၀၂ ပွဲထိ ကစားပေးခဲ့ပြီး သွင်းဂိုး ၃၅ ဂိုး သွင်းယူပေးခဲ့ပါတယ်။
သတင်း- သံလွင်တိုင်းမ်