ရန်ကုန်၊ အောက်တိုဘာ (၈)
စစ်တပ် အာဏာသိမ်းပြီးနောက် ကင်ဆာ ဝေဒနာရှင်တွေအတွက် မဖြစ်မနေဆေးသွင်းကုသရမယ့် ဆေးဈေးနှုန်းတွေဟာ အရင်ကထက် လေးဆကျော် မြင့်တက် လာတာကြောင့် ဝေဒနာရှင်တွေအနေနဲ့ လက်လျော့လိုက်ဖို့ ဆုံးဖြတ်တဲ့အထိ ဖြစ်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကင်ဆာအဖုအကျိတ်တွေကို ခွဲစိတ်ကုသပြီးရင် ဆေးသွင်းကုသရတဲ့ ဆေးဈေးနှုန်းတွေဟာ မူလဈေးနှုန်း တစ်သိန်းဝန်းကျင်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ငါးသိန်းခန့်အထိ မြင့်တက်ခဲ့ပြီး အခုအောက်တိုဘာလ အတွင်းမှာတော့ ငွေကျပ် ဆယ်သိန်းကျော်မှ ဆယ့်ငါးသိန်းအထိ မြင့်တက်လာခဲ့တာပါ။
အခုလို ဆေးဈေးနှုန်း အဆမတန်မြင့်တက်လာတဲ့ အပေါ် မလိုက်နိုင်တော့ဘဲ အချိန်မီဆေးမသွင်းနိုင်တော့တာ၊ ရောဂါကို လျစ်လျူရှုလိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်လို့ ဝေဒနာရှင်တစ်ဦးက ပြောပါတယ်။
‘‘အရင်က ဆေးရုံကြီးမှာ ဆေးသွင်းဖို့ လူ၁၀၀တင်ရင် ၁၀၀လုံးနီးပါးပါတယ်။အခုဆို ၅၀လောက်တောင်ပါဖို့ မသေချာတော့ဘူး။ အချိန်ကဆွဲလို့လည်းမရတော့ အပြင်ကပဲ ဝယ်ရတော့တာ။အခုလို ဈေးမတရားတက်နေရင် ကျမတို့ အကြိမ်ရေပြည့်အောင်သွင်းဖို့ မတတ်နိုင်တော့ဘူး”လို့ ဝေဒနာရှင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဝေဒနာရှင်တွေဟာ ကင်ဆာဆေးသွင်းဖို့အတွက် အရင်က ရန်ကုန်ဆေးရုံကြီးမှာ စာရင်းသွင်းပြီးအလှည့်ကျ စောင့်ဆိုင်းကာ ဈေးနှုန်းသက်သက်သာသာနဲ့ ဆေးသွင်းလို့ရပေမယ့် အခုအခါမှာတော့ ဆေးရုံကြီးမှာလည်းဆေးသွင်းခွင့်ရဖို့ မလွယ်ကူ တော့တာကြောင့် အချိန်မီဆေးသွင်းရဖို့ အတွက် ပြင်ပက ဆေးတွေဝယ်ပြီး ဆေးသွင်း ကုသနေကြရတာဖြစ်ပါတယ်။
ကင်ဆာဝေဒနာရှင်တွေဟာ ကင်ဆာအလုံးအကြိတ်တွေကို ခွဲစိတ်ဖယ်ရှားပြီးရင် ကင်ဆာဆဲလ်တွေ ကိုယ်ခန္ဓာကိုယ်ထဲ ဆက်လက်မပြန့်ပွားဖို့အတွက် ကီမို၊HERS2စတဲ့ ကင်ဆာဆေးတွေကို ရောဂါအခြေအနေကိုလိုက်ပြီး ၁၀ကြိမ်နဲ့ အထက် အကြိမ်ရေပြည့်အောင် ဆေးသွင်း ကုသမှုခံယူရတာဖြစ်ပါတယ်။
ဒီလိုတွေ ဆေးဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့ ပတ်သက်ပြီး ဆေးဆိုင်ပိုင်ရှင်တစ်ဦးက တော့ အခုလိုပဲ ပြောပါတယ်။
“ဆေးက ပစ္စည်းပြတ်လို့ ဈေးတက်နေတာရော ဒေါ်လာဈေးတက်လို့ တက်ရတာရောဖြစ်နေတာ။ ကုမ္ပဏီတွေကလည်း ဈေးကွက်ဖွင့်တာနဲ့ အရှုံးကပေါ်နေတာဆိုတော့ ဆေးအသစ်ကို မရောင်းတော့ဘူး။ဈေးကွက်ထဲ ရှိတာကိုပဲ ကိုင်ပြီးရောင်းနေကြရတာ” လို့ ရန်ကုန်မြို့ သီရိမဂ်လာဈေးက ဆေးဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ ဆေးပစ္စည်းဆိုင်ရာ တင်သွင်းမှု ကန့်သတ်ချက်တွေ၊ ဆေးဝယ်ယူဖို့ ဒေါ်လာလိုသ လောက် ဝယ်ယူလို့မရတော့တဲ့ အခက်အခဲ၊ သွင်းကုန်လိုင်စင်အခက်အခဲတွေကြောင့် နိုင်ငံခြားဆေးတင်သွင်းသူနေသူတွေမှာ လည်း အခက်ခဲတွေ ကြုံနေရတာပါ။
ဒီလို ကန့်သတ်ထားတဲ့ အခြေအနေတွေကြောင့် နိုင်ငံခြား ဆေးမျိုးစုံမှာလည်း ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာရတာ ဖြစ်တယ်လို့ ဆေးကိုတဆင့် ပြန်လည်ရောင်းချသူတွေက ပြောပါတယ်။
လက်ရှိအခြေအနေအရ ဈေးကွက်ထဲမှာ ဆေးလက်ဝယ်ရှိသူတွေက ကိုင်ထားပြီး ဈေးကစားလို့ရနေပေမယ့် ဒီလိုအခြေအနေ ဟာလည်း ကာလတစ်ခုအထိသာဖြစ်နိုင်ပြီး ဆေးသက်တမ်းရက်လွန်လာရင်တော့ ဈေးကစားလို့ မရတော့ဘူးလို့ သုံးသပ် နေကြတာပါ။
ကင်ဆာ ဆေးအများစုရဲ့ သက်တမ်းဟာ ၂နှစ်ကာလဝန်းကျင်သာရှိနေပြီး စစ်ကောင်စီအာဏာ စတင်သိမ်းကတည်းက ဆေးတင်သွင်းမှု အချို့ရပ်ဆိုင်းခဲ့ရတာပါ။
အခုချိန်မှာတော့ အာဏာသိမ်းကာလ တစ်နှစ်ခွဲကျော်လာပြီဖြစ်တာကြောင့် ဈေးကွက်ထဲက ဆေးအချို့ဟာ သက်တမ်းလွန်ဖို့ နီးကပ် လာနေပြီး မကြာခင်မှာ ဈေးကွက်ထဲမှာရှိတဲ့ ဆေးဝါးတွေ ပြတ်လပ်လာတော့မယ်လို့လည်း ဆေးဝါးရောင်းချသူတွေက သုံးသပ်ပြောကြားနေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်