ညောင်လေးပင်၊ အောက်တိုဘာ (၇)
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တင်းရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးခဲ့တယ်လို့ KNU က အောက်တိုဘာ ၆ ရက်နေ့ ထုတ်ပြန်ပါတယ်။
ညောင်လေးပင်ခရိုင်မှာ ပြီးခဲ့တဲ့တစ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပေါင်း ၇၁ ကြိမ် ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၈၃)ဦးသေဆုံးပြီး(၈၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက် သေဆုံးသူတွေထဲမှာ တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး၊ ဗိုလ်ကြီးနဲ့ ဒု-ဗိုလ်ကြီးအဆင့်ရှိသူတွေပါဝင်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နှစ်ဖက်တိုက်ပွဲမှာတြေ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တာပါ။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီတပ်ဘက်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်သာမက လေကြောင်းမှလည်း (၃)ကြိမ်တိုင်တိုင် ပြည်သူလူထုနေထိုင်တဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်ကောင်စီတပ်ဟာ ကေအဲန်ယူ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာကိုလည်း အတင်းအဓမ္မပြောင်းရွှေ့စေခဲ့ပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သား(၂)ဦးသေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်