ရန်ကုန်၊ အောက်တိုဘာ (၇)

စစ်တပ်အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ နိုင်ငံဝန်ထမ်းတွေဟာ လက်ရှိကာလမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပေမယ့် နောက်ကြောင်း ပြန်လှည့်ဖို့ အစီအစဉ် မရှိဘူးလို့ CDM ဝန်ထမ်းတွေက အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် အာဏာသိမ်းခါစ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အားကောင်းခဲ့တဲ့ အချိန်တုန်းကဆိုရင် သောင်းချီလူထုတွေဟာ “ရုံးမတက်နဲ့ ရုန်းထွက်၊ ရုံးမသွားတဲ့ ဝန်ထမ်းတွေကို ပြည်သူတွေ ကျွေးထားမှာ”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ခဲ့တာပါ။

ဒါပေမယ့် အဲကြွေးကြော်သံတွေဟာ လက်ရှိအချိန်မှာတော့ လုံးဝ ဆုတ်သုဉ်းသွားခဲ့သလို CDM ဝန်ထမ်းတွေကလည်း ဘဝရပ်တည်နေထိုင်းရေးအတွက် မနည်းကြိုးပမ်းရုန်းကန်ရတာပါ။

ကဏ္ဍပေါင်းစုံ ပျက်စီးယိုးယွင်းလာတဲ့ တိုင်းပြည်မှာ CDM ဝန်ထမ်းတွေဟာ ရရာအလုပ်တွေ လုပ်ပြီး နေရေးထိုင်ရေးနဲ့ မိသားစု ဝမ်းရေး ပြဿနာကို ခက်ခက်ခဲခဲ ဖြေရှင်းနေကြရပေမယ့် အဆင်မပြေမှုတွေကို နေ့စဉ်နဲ့အမျှ ခါးစည်းခံနေရပါတယ်။

ဒါပေမယ့် CDM ဝန်ထမ်းတွေကတော့ ဘယ်လို အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပေမယ့် ဘယ်တော့မှ နောက်ကြောင်း ပြန်လှည့်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားကြပါတယ်။“နောက်ကြောင်းတော့ ပြန်လှည့်ဖို့ မရှိတော့ဘူး။

” တစ်နှစ်ခွဲလောက် ကျွန်တော်တို့ ဒုက္ခခံပြီး လုပ်လာခဲ့ပြီးမှတော့လေ။အခက်အခဲကတော့ ရှိတာပေါ့။ အကုန်လုံးကတော့ အဆင်ပြေသလို နေနေကြရတာပဲလေ။ထောက်ပံ့မှုကလည်း အခုနောက်ပိုင်း ဘာမှမရှိတော့ဘူး။ လုံခြုံရေးကျတော့ ပေါ်ပေါ်တင်တင် မလုပ်ရဲ၊ မကိုင်ရဲဘူး။တစ်ခုခုအတိုက်အခံဖြစ်သွားရင် ကျွန်တော်တို့ကို လက်တို့လိုက်တာနဲ့ ဒုက္ခရောက်သွားနိုင်တယ်။ အလုပ်အကိုင်မှာလည်း ပေါ်ပေါ်တင်တင် မလုပ်ရဲဘူး။ ဈေးရောင်းစားရင် အတိုက်အခံဖြစ်လို့ရှိရင် ကိုယ်တွေက ရှောင်ပေးရတာပဲလေ။ အဲဒီလို အခက်အခဲရှိတယ်”လို့ သူက ဆိုပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ CDM ပြုလုပ်ထားတဲ့ နိုင်ငံဝန်ထမ်းတွေကို နည်းစုံသုံးပြီး ခြိမ်းခြောက်တာ၊ ဖိနှိပ်တာ၊ မတရား ဖမ်းဆီးတာတွေ ရှိနေသလို စိတ်မလုံခြုံမှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူတွေလည်း ရှိနေပါတယ်။

CDM ဝန်ထမ်းတွေဟာ နေအိမ်လိုင်းခန်းကနေ ဖယ်ရှားခံရတာနဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတာတွေကြောင့် ဝင်ငွေမရှိတာနဲ့ နေစရာမရှိတဲ့ ပြဿနာကို ရင်ဆိုင်နေရပြီး စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ပညာရေး CDM ဝန်ထမ်းတစ်ဦးကလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် အခက်အခဲမျိုးစုံ ကြုံနေရပေမယ့် ဘယ်တော့မှ နောက်ကြောင်း ပြန်လှည့်မှာ မဟုတ်သလို နောင်တလည်း မရဘူးလို့ ပြောပါတယ်။

“မှားမှန်းသိသိရက်နဲ့တော့ နောက်ပြန်လှည့်ဖို့ လုံဝ အစီအစဉ်မရှိဘူး။ဒီပွဲကို နိုင်မယ်ထင်လို့ ရပ်တည်တာ မဟုတ်ဘူး။ မှားတဲ့ဘက်ကို မရပ်ဘဲ မှန်တဲ့ဘက်ကို ရပ်တည်ထားတာပေါ့။ မှန်တဲ့ဘက် ဓမ္မဘက်ကို ရပ်တည်တာဖြစ်တဲ့အတွက် နောက်ပြန်လှည့်ဖို့ အစီအစဉ်မရှိဘူးပေါ့။ CDM လုပ်တဲ့အတွက် အခက်အခဲတွေက ရှိတယ်။ ဒါပေမယ့် လုံဝနောင်တ မရဘူး” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ CDM ဝန်ထမ်းတွေဟာ အလုပ်လုပ်မယ်ဆိုရင် အလုပ်ရှင်တွေက မခန့်တာတွေ ရှိတယ်လို့လည်း အဲဒီဒေသတွင်းရှိ CDM ဝန်ထမ်းက ဆိုပါတယ်။

တဖက်မှာတော့ CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေး ဒလန်တွေရဲ့ စောင့်ကြည့်တာ ခံနေရတဲ့အတွက် မလုံခြုံမှုတွေကို အာဏာသိမ်းတစ်နှစ်ခွဲကျော်ကာလ ဒီကနေ့အထိ ရင်ဆိုင်နေရတာပါ။

CDM ဝန်ထမ်းတွေအနေနဲ့ စားဝတ်နေရေးအတွက် ဈေးရောင်းတာ၊ ဆိုင်ကယ်တက္ကစီဆွဲတာနဲ့ နေ့စားအလုပ်တွေ ဝင်လုပ်ပြီး မိသားစုဝမ်းရေကို ဖြေရှင်းနေကြပေမယ့် ကျပ်ငွေတန်ဖိုးကျဆင်းမှုတွေကြောင့် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကိုလည်း ခံစားကြရပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ နိုင်ငံ့ဝန်ထမ်း သိန်းနဲ့ချီ ရှိနေပြီး အဲဒီထဲမှာ ပညာရေးဝန်ထမ်းတွေ အများစု ပါဝင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.