ထားဝယ်၊ အောက်တိုဘာ (၇)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေ ထပ်မံအမိန့်ချလိုက်တယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားကွန်ရက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင် ထောင်တွင်းတရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်တွေ ထပ်မံချမှတ်ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးမှာ ၄ ဦးက နောက်ထပ် ထောင်ဒဏ် အနှစ် ၂၀ စီ ၊ ၆ ဦးက နောက်ထပ် ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
အဲဒီထဲမှာတော့ ထောင်ဒဏ်၂၆ နှစ် ချမှတ်ခံထားရတဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုထွန်းဦးကို နောက်ထပ် ထောင်ဒဏ် အနှစ် ၂၀ ထပ်မံ ချမှတ်ခဲ့တာ ဖြစ်ပြီး စုစုပေါင်း ထောင်ဒဏ် ၄၆ နှစ်ထိ ရှိလာခဲ့တာပါ။
အလားတူ ထောင်ဒဏ် ၂၁ နှစ် ချမှတ်ထားပြီး ဖြစ်တဲ့ ကိုရာဇာထွန်းမှာ နောက်ထပ် ထောင်ဒဏ် အနှစ် ၂၀ နဲ့ ကိုစိုင်းမင်းသူကိုတော့ နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ထားတာပါ။
နောက်ထပ် ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံချမှတ်ခံရတဲ့သူတွေထဲမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုလင်းထက်ကိုကို၊ ကိုဆောင်းယုထွန်း၊ ကိုသက်ပိုင်ဦး၊ ကိုအောင်အောင်လတ်၊ ကိုအောင်အောင်တို့ ပါဝင်ပါတယ်။
လက်ရှိမှာတော့ ထားဝယ်အကျဉ်းထောင်မှာ ထောင်ဒဏ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၁ ဦးထိ ရှိလာခဲ့တာ ဖြစ်ပြီး ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားကို အနိမ့်ဆုံး ထောင်ဒဏ် ၁ နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ်တစ်သက်ထိ ပြစ်ဒဏ်ချခံထားရသလို အများစုကတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံနေရပါတယ်။
သတင်း – သံလွင်တိုင်းမ်