မော်လမြိုင်၊ အောက်တိုဘာ (၇)
အာဏာသိမ်းမှုကြောင့် အဘက်ဘက်က ကျဆင်းနေတဲ့ မြန်မာ့ စီးပွားရေး ပြန်လည် ဦးမော့နေပြီးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုမှုဟာ မြေပြင် အခြေအနေနဲ့ လုံးဝ ကွာခြားနေပြီး အခြေမြစ် မရှိဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက တုံ့ပြန်လိုက်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က ပဲခူးတိုင်း၊ ပြည်မြို့ရှိ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံရဲ့ စီးပွားရေးဟာ ပြန်လည် ဦးမော့လာပြီး ဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ အခက်အခဲ ရှိရင် နိုင်ငံတော်က ချေးငွေ ထုတ်ပေးမယ်လို့ ပြောဆိုခဲ့တာပါ။
မြေပြင်မှာ စီးပွားရေးလုပ်ငန်းတွေဟာ အာဏာသိမ်းမှုကြောင့် ကုန်ကြမ်ပစ္စည်း ဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာတာ၊ အထွေထွေကုန်စရိတ်ကြီးမြင့်နေတဲ့အတွက် လုပ်ငန်းတွေ လုပ်နားလာကြတာ ဖြစ်ပြီး တချို့လုပ်ငန်းတွေက အပြီးပိုင်သိမ်းလိုက်ရတဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။
စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကတော့ အာဏာသိမ်းမှုကြောင့် စီးပွားရေးလုပ်ငန်းတွေ ပိုမို ကျုံ့ဝင်လာပြီး လုပ်ငန်းတွေ ဆက်လက် ရပ်တည်နိုင်ဖို့ မနည်းကြိုးပမ်းနေရတယ်လို့ ပြောပါတယ်။
“အခုကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံးကတော့ ကျုံ့သွား တာပဲလို့ ပြောလို့ ရတာပေါ့နော်။ လုပ်ငန်း တိုးတက်လာတယ်၊ ဖွံ့ဖြိုးလာတယ် ဆိုတာက မရှိဘူးလေ။ မရှိတော့ တော်တော်များများက ကံကောင်းရင်တောင်မှ သူ့လုပ်ငန်းကို ဥပမာပေါ့ (၇၅) ရာခိုင်နှုန်းလောက် သူထိန်းထားနိုင်တယ် ဆိုလို့ရှိရင်လည်း ဒါတော်တော်ကို အခြေအနေကောင်းတဲ့ လုပ်ငန်းရှင်ပေါ့လေ။ အများအားဖြင့် ကတော့ အဲဒီ(၇၅) ရာခိုင်နှုန်း အောက်မှာဘဲ ရှိကြတာပေါ့နော်။ (၇၅) ရာခိုင်နှုန်းအောက်မှာ (၅၀)လောက် ထိန်းထားတာ ဝန်ထမ်းတွေ (၅၀)လောက် ထိန်းထားကြတာတို့ ဒီလိုမျိုး ရှိကြတာပေါ့လေ။ အကုန်လုံးကတော့ ကျပ်ကျပ်တည်းတည်း ပါပဲ၊ ကျပ်ကျပ်တည်းတည်း ဆိုတာ ကုန်ဈေးနှုန်းကြောင့်က လုပ်ငန်း တစ်ခု တိုးချဲ့ဖို့ ဆိုလည်း မဖြစ်နိုင်သလို လုပ်ငန်း အသစ်စတင်ဖို့ ကလည်း တော်တော်လေး အခက်အခဲ ရှိတာပေါ့လေ။ နောက် ရတဲ့ လစာတွေကလည်း ကုန်ဈေးနှုန်းက မလိုက်နိုင်ဘူး ဖြစ်နေတယ်။ ဒီဝင်ငွေ သုံးနိုင်တဲ့ အားက နည်းတဲ့ အခါကျတော့ စီးပွားရေးကတော့ နည်းသထက် နည်းလာတာပဲ ပြောလို့ ရတာပေါ့”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စီးပွားရေး လုပ်ငန်းတွေဟာ စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေ၊ မလိုလားအပ်တဲ့ ဒေါ်လာ ထိန်းချုပ်မှုတွေ၊ ပို့ကုန် သွင်းကုန် ကဏ္ဍ ကန့်သတ်မှုတွေ အပါအဝင် စီမံခန့်ခွဲမှု အလွဲမှားတွေကြောင့် စီးပွားရေး ဆက်တိုက် ကျဆင်းလာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
ဒီလို အခြေအနေမှာ အာဏာသိမ်း စစ်ခေါင်းဆောင်က နိုင်ငံရဲ့ စီးပွားရေး ဦးမော့နေပြီးလို့ ပြောဆိုမှုဟာ မြေပြင် အခြေအနေနဲ့ အများကြီး ကွာခြားနေတဲ့အတွက် လုပ်ကြံဖန်တီးမှုသာ ဖြစ်တယ်လို့ စီးပွားရေးလေ့လာ သုံးသပ်သူတွေကလည်း ဝေဖန်တာပါ။
ကမ္ဘာ့ဘဏ်ကလည်း စစ်တပ် အာဏာသိမ်းမှုကြောင့် အဘက်ဘက်ကျဆင်းနေတဲ့အတွက် ၂၀၂၂ ခုနှစ်ရဲ့ မြန်မာ့စီးပွားရေးကို တွက်ချက်တာ မလုပ်ဘဲ ချန်လှပ်ရတဲ့ အခြေအနေထိ ဖြစ်ပေါ်နေတာပါ။
စီးပွားရေးပညာရှင်တွေကတော့ စီးပွားရေးဟာ နိုင်ငံရေးနဲ့အဓိက သက်ဆိုင်နေရတာကြောင့် အချိန်တိုအတွင်း နိုင်ငံရေးပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်တာ မရှိရင် ပြည်သူတစ်ရပ်လုံး အထွေထွေ အကျပ်အတည်းနဲ့ ပိုမိုရင်ဆိုင်လာရနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်