မော်လမြိုင်၊ အောက်တိုဘာ (၇)

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲတဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ထိ အရပ်သား သေဆုံးမှု ၇၀၀၀ ကျော်အထိ ရှိလာတယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP Myanmar က အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ ဆန္ဒပြမှုတွေမှာ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေနဲ့ ဖမ်းဆီးထားစဉ် သေဆုံးခဲ့ရတဲ့ အရပ်သား ၂၂၉၉ ဦးထက်မနည်း ရှိနေတာပါ။

ISP Myanmar က စုစည်းထားတဲ့ စာရင်းတွေအရ အာဏာသိမ်းမှုအလွန် တိုက်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ၁၃၁၇ ဦးထက်မနည်း ရှိနေပါတယ်။

ဒါ့အပြင် အခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာမှာ ဖော်ပြချက်အရ ဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံရသူ အရပ်သား ၃၅၄၂ ဦး ရှိတယ်လို့ ဆိုထားပြီး စစ်ကောင်စီစာရင်းတွေကို သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေကနေ စိစစ်အတည်ပြုထားတာတော့ မရှိပါဘူး။

AAPP ရဲ့ မှတ်တမ်းတွေနဲ့ ISP Myanmar က စုဆောင်းထားတဲ့အချက်အလက်တွေအရ စစ်အာဏာသိမ်းမှုအလွန် အခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့အထိ စစ်ကောင်စီထုတ်တဲ့စာရင်းမပါဘဲ အရပ်သားသေဆုံးမှု ၃၆၀၀ ကျော်ရှိခဲ့တာပါ။

အဲဒီစာရင်းတွေအရ အရပ်သားသေဆုံးမှုမှာ စစ်ကိုင်းတိုင်းက ၁၅၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးဒေသဖြစ်တဲ့ မကွေးတိုင်းမှာတော့ အရပ်သား ၃၈၀ နီးပါး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ISP Myanmar ရဲ့ အဆိုအရ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု ၁၃ ဦးထက်မနည်း ရှိခဲ့တာပါ။

အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး ခုနှစ်ဦးထက်မနည်း သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ဒီအချက်အလက်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖော်ပြချက်တွေကို ISP Myanmar က စုစည်းဖော်ပြတာဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုမိုများပြားနိုင်တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.