ကွာလာလမ်ပူ၊ အောက်တိုဘာ (၆)

မလေးရှားနိုင်ငံကို လေကြောင်းနဲ့  သွားရောက်လည်ပတ်သူ ဒါမှမဟုတ် နိုင်ငံက ထွက်ခွာမယ့်သူအားလုံးဟာ ငွေသား၊ ချက်လက် မှတ်ပိုင်ဆိုင်မှုတွေမှာ အမေရိကန်ဒေါ်လာတစ်‌သောင်းကျော်ပါက အကောက်ခွန်ကြေငြာစာရွက် ဖြည့်သွင်းရမယ်လို့ မလေးရှားမြို့ ပြလေကြောင်းအာဏာပိုင်အဖွဲ့ (Civil Aviation Authority of Malaysia_CAAM) မှ ပြောပါတယ်။

အဲဒီလိုဆောင်ရွက်ရတာဟာ မလေးရှားတော်ဝင် အကောက်ခွန်ဌာနက သတ်မှတ်ပေးထားတဲ့ လိုအပ်ချက်အတိုင်း ဆောင်ရွက်ရတာ ဖြစ်တယ်လို့ CAAM အမှုဆောင်အရာရှိချုပ်က အင်္ဂါနေ့ (အောက်တိုဘာ ၄ ရက်)မှာ ထုတ်ပြန်ခဲ့တာပါ။

တော်ဝင် အကောက်ခွန် ဌာနကနေ CAAM ကို ပေးပို့တဲ့ စာတစ်စောင်မှာ ၁၉၆၇ ခုနှစ် အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၀၃ နဲ့ ၂၀၁၉ ခုနှစ် အကောက်ခွန် စည်းမျဉ်း ဥပဒေပါပြဋ္ဌာန်းချက်တွေအရ အကောက်ခွန်ပုံစံအမှတ် 7 (K7) ရဲ့ ကြေငြာချက်ကို ဖြည့်သွင်းဖို့ လိုအပ်ကြောင်း ပါရှိခဲ့ပါတယ်။

အဲဒီ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ မလေးရှားနိုင်ငံကို  ဝင်ရောက်တဲ့ လေကြောင်းလိုင်းတွေအားလုံးဟာ K 7 ဖောင်ဖြည့်ဖို့ ခရီးသည်အားလုံးကို ကြေညာချက်ထုတ်ပြန်ပေးဖို့ကိုလည်း ထည့်သွင်းဖော်ပြခဲ့တာပါ။

မလေးရှားကို  ရောက်ရှိလာသူတိုင်းဟာ တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေ၊ ငွေသား ဒါမှမဟုတ် ငွေသားမဟုတ်တဲ့ ချက်လက်မှတ်တွေမှာ အမေရိကန်‌ဒေါ်လာတစ်သောင်းနဲ့ ညီတဲ့ ပမာဏရှိသည်ဖြစ်စေ၊ ကျော်လွန်သည်ဖြစ်စေ ဖောင်ပုံစံအရ  မဖြစ်မနေ ကြေငြာ ပေးရမှာဖြစ်ပြီး မလိုက်နာရင်တော့ ရာဇဝတ်မှု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အကောက်ခွန်ဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဖောင်ဖြည့်ရမယ့် လိုအပ်ချက်ဟာ  လေကြောင်းခရီးသွားတွေ အတွက်သာ သက်ဆိုင်တာဖြစ်တယ်လို့ ပြောပါတယ်။

မလေးရှားမီဒီယာတွေရဲ့ အဆိုအရ ဒီစနစ်က နှစ်ပေါင်းများစွာက ရပ်တန့်ခဲ့တဲ့ စနစ်တစ်ခုဖြစ်ပြီး အခုမှ ပြန်လည်စတင်တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ညွှန်ကြားချက် အသက်မဝင်သေးတဲ့ကာလမှာ ခရီးသည်တွေအနေနဲ့ ကန် ဒေါ်လာ တစ်သောင်းနဲ့ အထက်ရှိတဲ့ ပမာဏတွေ ပါလာခဲ့ရင် အကောက်ခွန်အရာရှိထံသို့ နှုတ်နဲ့ ကြေငြာရန် လိုအပ်တယ်လို့ မှာကြားထားပါတယ်။

Ref,CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.