အာဏာသိမ်း စစ်အုပ်စုဟာ တနင်္သာရီတိုင်းကို ထိန်းချုပ်နိုင်ဖို့အတွက် အခုနောက်ပိုင်းကာလတွေမှာ မြို့ပြနဲ့ ကျေးလက်မှာပါ လုံခြုံရေးတင်းကြပ်လာခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်မယ့် နေရာတွေကိုလည်း အင်အား အလွန်အကျွံ အသုံးပြုပြီး ထိုးစစ်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်လာတာပါ။ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေဟာ တနင်္သာရီတိုင်း တစ်တိုင်းလုံးထိ ကျယ်ပြန့်လာခဲ့တာပါ။ ဒါကြောင့် တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်လာတဲ့ အခြေအနေ၊ နှစ်ဖက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှု အပါအဝင် ဒီနောက်ပိုင်းကာလတွေမှာ စစ်ရေး အခြေအနေ ဘယ်လိုတွေ ဆက်ဖြစ်လာနိုင်မလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ခံ ဂျူပီတာနဲ့ ဆက်သွယ်မေးမြန်းချက်။

တနင်္သာရီတိုင်းထဲကို စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်လာတဲ့အတွက် တိုင်းတစ်ခုလုံးထိ တိုက်ပွဲတွေ ကျယ်ပြန့်လာတာတွေ တွေ့ရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဟိုတလောတုန်းကတော့ စစ်ရေးအခြေအနေ တင်းမာတယ်။ နောက်တော့ ခဏပြန်ငြိမ်သွားတယ်။ အခုတလောမှာပဲ ထပ်ပြီးတော့ စစ်ရေးအခြေအနေတွေ တင်းမာလာတယ်။ ပြီးတော့ ကျနော်တို့ဆီကို စစ်ကောင်စီတပ်တွေက ဆင်းလာပြီး စစ်ကြောင်းထိုးတယ်။ ထား၀ယ်မှာလည်း တောက်လျောက် စစ်ကြောင်းတွေ ဆင်းလာပြီးတော့ လှုပ်ရှားကြတယ်။ စကစတပ်ရင်း တပ်ဖွဲ့တွေက တပ်မဟာ ၆ (KNU နယ်မြေ) တွေဘက်မှာ သွားနေတာရှိတယ်၊ ရှေ့တန်း စခန်းက တပ်သားတွေကို  ဒီကိုပြန်ခေါ်တယ်။ ထပ်ဖြည့်တယ်ပေါ့။ နောက်ထပ်လည်း အသစ်အသစ်သော စစ်ကောင်စီ တပ်သားတွေက လာကြတယ်။ ကျနော်တို့ တောက်လျောက်ကြည့်နေတယ်။ ဆိုတော့ ကျနော်တို့တိုင်းကို ဒီမိုးရာသီအကုန်မှာ တော်တော်လေး စစ်ကြောင်းတွေထိုးလိမ့်မယ့် သဘော၊  ကျနော်တို့တိုင်းကို စစ်ရေးအခြေအနေက သူတို့ဘက်က မြေလှန်မယ့်သဘော တွေ့ရတာပေါ့ဗျာ။ ကျနော်တို့ ဘက်ကလည်း ခုခံကာကွယ်စစ်ကို နိုင်အောင်လုပ်သွားဖို့ ရှိပါတယ်။

အခုလို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်းရဲ့ ဘယ်နေရာတွေကို အဓိက စစ်ကြောင်းထိုးလာတာ တွေ့ရလဲ။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာက ဘယ်နေရာရယ်လို့ကို ပြောလို့မရတော့ဘူး။ တနင်္သာရီတိုင်းမှာ နေရာစုံလို့ပြောလို့ရတယ်ပေါ့။ အဓိကကတော့ဗျာ ရေဖြူမြို့နယ်နဲ့ ထားဝယ်မြို့နယ်ပေါ့၊ ထား၀ယ်ခရိုင်မှာဆို ရေဖြူနဲ့ထား၀ယ်ကို စစ်ကြောင်းအကြီးကြီးတွေ ထိုးတယ်။ ရေဖြူ၊ ထား၀ယ်၊ သရက်ချောင်းပေါ့။ လောင်းလုံကိုကျတော့ စစ်ကြောင်းအသွားအပြန်တွေ ပုံစံမျိုးနဲ့ စစ်ကြောင်းထိုးတယ်။ တခါတရံမှာ ရွာတွေ၀င်စီးတယ်။ တောနင်းတယ်။ မြိတ်ခရိုင်မှာတော့ ကော့သောင်းနဲ့ တနင်္သာရီကို  အဓိက စစ်ကြောင်းထိုးတယ်။ ကော့သောင်းမှာလည်း စစ်ကြောင်းထိုးတယ်။ ဘုတ်ပြင်းမှာလည်း ကင်းလှည့်တဲ့ပုံစံမျိုးတွေ တောက်လျှောက်လုပ်နေတယ်။ တိုက်ပွဲကတော့ ကျနော်တို့ဘက်က ခုနကပြောသလိုပဲ သူတို့က၀င်လာကတည်းက အရပ်သားတွေကို လူသားဒိုင်းလုပ်တယ်။ ရွာထဲ၀င်ရင်လည်း တွေ့တဲ့လူ အကုန်ဖမ်းတာပဲ။

သူတို့ဘက်က စစ်ကြောင်းထိုးတဲ့ ပုံစံတွေကရော ဘယ်လိုမျိုးတွေ ရှိနေလဲ။ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာတယ်ဆိုတော့ နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေကရော ဘယ်လိုတွေ ဆက်ရှိနေလဲ။

ကျနော်တို့ဖက်က နှစ်ဖက်ထိခိုက်ကျဆုံးတာကတော့ ဒဏ်ရာရတဲ့ ရဲဘော်တစ်ချို့ရှိတယ်။ လက်ရှိမှာ ကျနော်တို့က ခုခံကာကွယ်စစ်အနေနဲ့ ပြောက်ကြားနည်းဆင်နွှဲတယ်။ ရင်ဆိုင်တိုက်ပွဲတွေကို မလုပ်ဘူး။ အဲ့ဒီတော့ ကျနော်တို့က ရင်ဆိုင်တိုက်ပွဲတွေကို

ရှောင်ပြီး ပျောက်ကြားနည်းနဲ့ပဲ လုပ်တာများတော့ ကျနော်တို့ဘက်က ထိခိုက်ကျဆုံးမှုတော့ ရှိတယ်၊  စစ်ကောင်စီဘက်ကတော့ သိတဲ့အတိုင်းပဲဗျာ။ သူတု့က ဘယ်ပွဲမှာ ဘယ်လောက်ကျဆုံးတယ်ဆိုတာ ထုတ်ပြန်လေ့မရှိဘူး။

နောက်ဆုံးအနေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တဲ့ တနင်္သာရီတိုင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေ ဘာသတင်းစကားပါလိုပါသလဲ။

ခုခံ ကာကွယ်စစ်တွေ ဆင်နွှဲနေတဲ့အခါမှာလည်းပဲ ပြည်သူတွေအနေနဲ့ အရင်တုန်းကရှိခဲ့ဖူးတဲ့ စစ်ရေး အတွေ့အကြုံရယ် စစ်မျက်နှာအတွေ့အကြုံတွေရယ် အခုနွေဉီးတော်လှန်ရေးကာလမှာ တွေ့ကြုံနေရတဲ့ စစ်ရေးစစ်ရာ အတွေ့အကြုံတွေကို နမူနာယူပြီးတော့ စစ်ရေး သတိရှိကြဖို့ တကယ့်လို မိမိပတ်၀န်းကျင်မှာ တစ်စုံတစ်ခု စစ်ရေးစစ်ရာနဲ့ ပက်သက်ပြီး ဖြစ်ပေါ်လာရင် ကျနော်တို့ (NUG) ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အရာတွေကို လိုက်နာကြဖို့ ပူးပေါင်းပါ၀င်ပေးကြဖို့ရယ် ကျွန်တော်တို့ အထူး မေတ္တာရပ်ခံပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.