စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲဟာ ဘယ်အရာကို ဦးတည်နေတာလဲ။ စစ်အုပ်စုနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ နိုင်ငံရေး ရည်မှန်းချက်က ဘာတွေ ဖြစ်လာမလဲ။ အာဏာတည်မြဲဖို့ ကြံ့ခိုင်ရေးပါတီကိုပါ ထိန်းချုပ်လာတဲ့ စစ်ခေါင်းဆောင်ရဲ့ အနာဂတ် အိပ်မက်က ဘာလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းနဲ့ ဆက်သွယ်မေးမြန်းချက်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲအပေါ် ဘယ်လို မြင်ပါသလဲ။

ကြံ့ခိုင်ရေးပါတီဆိုတာ စစ်ခေါင်းဆောင်တွေ တည်ထောင်ထားတဲ့ပါတီ စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ ပါတီဆိုတာ အကုန်လုံးသိပါတယ်။ ပြီးတော့ လွှတ်တော်မှာ စစ်တပ် က၂၅ရာခိုင်နှုန်း ယူထားတယ်။ အဲဒီတော့ လာမယ့် ရွေးကောက်ပွဲမှာ သူတို့အစိုးရဖွဲ့နိုင်ဖို့အတွက် ပါတီဘက်ကို  စစ်တပ်ခေါင်းဆောင်တွေ ပါလာစေချင်တဲ့ သဘောရှိတယ်၊

ဒါကို အထူးပြောစရာ မလိုဘူးပေါ့လေ။ သိပ်တော့ အဆန်း မဟုတ်ပါဘူး၊ သူတို့က တစ်သက်လုံး ပြည်သူကို ဒုက္ခပေးလာခဲ့ကြတာပါ။

ဒီတစ်ခေါက် အပြောင်းအလဲမှာ တပ်ဘက်က လူတွေကို ခေါင်းကြီးပိုင်းနေရာတွေမှာ ပိုပြီး နေရာပေးလာတာ တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လို သုံးသပ်ပါသလဲ။

အရင်တုန်းကလည်း  ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဟာ စစ်တပ်အရာရှိတွေပဲ၊ စစ်တပ်ကနေ အနားယူမယ့်လူတွေ ပါတီထဲ ထည့်ပြီးဖွဲ့စည်းခဲ့တာပဲ၊ အခုလည်းပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ သူစိတ်ချရမယ့် လူတွေကို ပါတီထဲကို နေရာပြောင်းပြီးတော့ တာ၀န်ယူစေတာပေါ့ဗျာ။ ၂၀၂၃ ရွေးကောက်ပွဲကို ပြယုပ်တစ်ခုအနေနဲ့ လုပ်ပြီးတော့ အာဏာပြန်ယူမယ့် သဘောပေါ့၊ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ဖြစ်တယ်ဆိုရင် စစ်တပ်၂၅ရာခိုင်နှုန်းနဲ့ ပါတီနဲ့ပေါင်းမှာပေါ့ဗျာ။ မလုံလောက်ရင် သူတို့မဟာမိတ်ပါတီနဲ့ ပေါင်းမှာပေါ့။ အစိုးရဖွဲ့မယ်။ အဲ့အချိန်မှာ သူက သမ္မတလုပ်မှာပေါ့၊ ဒါကြောင့်လည်း သူစိတ်ချယုံကြည်ရတဲ့ လူတွေကို ပါတီထဲမှာ ထည့်ပြီးတော့ သူ့ကို သမ္မတအဖြစ် အဆိုတင်နိုင်အောင် သူ့ဘက်က အခုတည်းက ကြိုးစားထားတယ်ဆိုတဲ့သဘောပါ။

နောက်တစ်ခုက အာဏာတည်မြဲဖို့ ကြံ့ခိုင်ရေးပါတီကိုပါ ထိန်းချုပ်လာတဲ့ စစ်ခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးတော့ရော ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။

သူတို့မှာ ထွက်ပေါက်ဆိုလို့ အဲ့တစ်ပေါက်ပဲရှိတာလေ။ သူက ဘာလုပ်လုပ် ဖွဲ့စည်းပုံအရ အမြဲတမ်းပြောနေတယ်။ ရွေးကောက်ပွဲလုပ်ပြီး  နိုင်ငံတကာကို မျက်လှည့်ပြမှာပေါ့။ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက် အာဏာကို  လက်မလွှတ်ပဲ ဆုပ်ကိုင်ထားချင်တယ်၊ ဒါက သူ့အတွက် တကယ်တမ်းလည်း အရေးကြီးတယ်။ သူ့အတွက် တင်မကဘူး။ စစ်တပ် မျိုးဆက်အတွက်လည်း အရေးကြီးတယ်။

ဒါကြောင့်သူ့အနေနဲ့ တစ်စိုက်မတ်မတ်လုပ်မယ်။ ရွေးကောက်ပွဲလည်း သူလုပ်မယ်။

ထွက်ပေါက်က အဲဒီတစ်ပေါက်တည်းရှိတော့ အဲ့ထွက်ပေါက်ကိုပဲ အသေအလဲကာကွယ်မယ်။  ပြီးတော့ အာဏာကိုလည်း ပြန်ယူမယ်၊

လက်ရှိ အခြေအနေမှာ စစ်အုပ်စုကတော့ ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဦးဆောင်အခန်းကဏ္ဍကို ပိုမြင့်သွားဖို့ ရှိနေတယ်ဆိုတော့ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် မြန်မာနိုင်ငံရေး အခြေအနေက ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။

စစ်တပ်ကတော့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့လုပ်တာက အဓိကပဲလေ၊ ပြည်သူတွေရဲ့ဖွံ့ ဖြိုးတိုးတက်ရေးကို သူ့အနေနဲ့ ဘယ်လောက်ထိလုပ်နိုင်မလဲ။ နိုင်ငံတကာကရော သူ့အပေါ်မှာ ဘယ်လိုရှုမြင်မလဲ။ အခုလက်ရှိမှာ နိုင်ငံတကာ သံတမန် အခင်းအကျင်းမှာလည်း အကျဘက်ကို ရွေ့နေတယ်၊  စီးပွားရေးနှောင့်နှေးမှုတွေဖြစ်နေပြီ၊  ဘယ်လိုမှ တိုင်းပြည်က နလံထူစရာ

အကြောင်းမရှိတော့ဘူး။

နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြေားကြာလိုတာ ရှိမလဲ၊

မြန်မာနိုင်ငံရဲ့ စစ်တပ် သံသရာပေါ့။ အကုန်လုံးကို စစ်တပ်ကပဲ ဖန်တီးနေတဲ့ အခါကျတော့ ပြည်သူတွေ ဆင်ရဲဒဏ်ကို ဘယ်လောက်ထခံရဉီးမလဲ။ ပြည်သူလူထုတစ်ရပ်လုံးကို စီးပွားရေး ၊နိုင်ငံရေး၊ လူမှုရေး ဘာမှ နလံမထူနိုင်အောင် သူတို့ဘက်က လုပ်ဆောင်ထားတာ၊ ဒီတော့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တာ၀န်ဖြစ်လာတယ်ပဲ ပြောချင်ပါတယ်။ ဖာသိဖာသာ နေကြမယ်ဆိုရင် ဒီသံသရာထဲမှာ ကျနော်တို့ ဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူး။ စစ်တပ်က သူတို့မိသားစုကို ကာကွယ်ပြီး  ပြည်သူတွေကို အနိုင်ကျင့်၊ ဒုက္ခရောက်ပေးနေတာကနေ ဖောက်ထွက်ချင်တယ်ဆိုရင် လူတိုင်းလူတိုင်းမှာ ရရာတာ၀န်ကို ထမ်းဆောင်ပြီး စစ်တပ်ကို ခြိမ်းခြောက်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.