မော်လမြိုင်၊ အောက်တိုဘာ (၆)
ပြည်တွင်း ရွှေဈေးနှုန်းဟာ အောက်တိုဘာ ၁ ရက်နေ့မှာ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂၂ သိန်းကျော်ထိ ဈေးနှုန်း ကျဆင်းခဲ့ရာကနေ အောက်တိုဘာ ၅ ရက်နေ့မှာတော့ ကျပ် ၂၇ သိန်းကျော်ထိ ၊ တစ်ကျပ်သားကို ကျပ် ၅ သိန်းကျော် ဈေးနှုန်း ထပ်မံ မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရွှေဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်း ပြန်လည် မြင့်တက်လာတာ၊ ကမ္ဘာ့ရွှေဈေး ပြန်လိုက်တာတဲ့အတွက် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ အခုရက်ပိုင်းအတွင်း တစ်အောင်စကို အမေရိကန်ဒေါ်လာ (၁၆၆၀) ဝန်းကျင်ကနေ (၁၇၂၀) ဝန်းကျင်ထိ ပြန်လည် မြင့်တက်လာခဲ့တာပါ။
ရွှေဈေးနှုန်း ပြန်လည် မြင့်တက်လာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တစ်ဦးက အခုလိုပဲ ပြောပါတယ်။
“ဒီဟာကတော့ ကမ္ဘာ့ ဈေးတက်ရင် အနည်းအကျဉ်း တက်မယ်၊ ပြည်တွင်း ဒေါ်လာဈေး တက်ရင် အနည်းအကျဉ်း တက်တယ်၊ နောက် ချက်ချင် ပြန်ကျသွားတာပါပဲ၊ တက်လိုက် ကျလိုက် တက်လိုက် ကျလိုက် ဖြစ်နေတာပေါ့၊ အဲ့တော့ ဒေါ်လာကို ငြိမ်အောင် ထိန်းနိုင်မှ ရမယ်၊ ကမ္ဘာ့ ရွှေဈေးကတော့ သူ့ဘာသူ တက်တာ ကျတာ ကတော့ အမြဲတမ်း ရှိနေတာကို၊ ပြည်တွင်းမှာ ဒေါ်လာကျတော့ အစိုးရက နေပြီးတော့ နိုင်အောင် ထိန်းနိုင်လို့ ရှိရင် ဒေါ်လာဈေးက ငြိမ်သွားမယ်၊ ရွှေက အခုလောလောဆယ်ကတော့ အရောင်းအဝယ် ပါးနေတယ်ကွာ၊ ပါးတယ် လာပြန်ရောင်းတဲ့သူ များတယ်၊ ဝယ်တဲ့သူ နည်းတယ်၊ ဈေးကွက်မှာ ရောင်းလိုအား များတယ်၊ ဝယ်လိုအား နည်းတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပြည်တွင်း ရွှေဈေးနှုန်း ပြန်လည် မြင့်တက်လာတဲ့အတွက် ဈေးကွက်အတွင်း ဝယ်လိုအားထက် ရောင်းလိုအား များနေတာ ဖြစ်ပါတယ်။
ပြည်တွင်း ရွှေဈေးနှုန်းဟာ ဒေါ်လာနဲ့ကမ္ဘာ့ရွှေဈေးနှုန် အပေါ် မူတည်နေတာကြောင့် ဒေါ်လာနဲ့ ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းပါက ရွှေဈေးနှုန်း ကျဆင်းလာနိုင်ပေမယ့် လက်ရှိမှာတော့ ခန့်မှန်းရခက်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
စစ်ကောင်စီကတော့ ရွှေဈေးနှုန်း ကျဆင်းဖို့အတွက် ရွှေဒင်္ဂါးပြားတွေ ရောင်းချ ပေးတာ ရှိသလို မြို့နယ် တချို့မှာလည်း ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကိုလည်း ရောင်းချပေးတာတွေ ရှိနေပေမယ့် ရည်ညွန်းဈေးအတိုင်း မရောင်းပေးဘဲ ပြင်ပပေါက်ဈေးအတိုင်း ရောင်းချနေတာကြောင့် ရွှေဈေးနှုန်း ထင်သလောက် မကျတာလို့ သုံးသပ်တာတွေ ရှိနေတာပါ။
ပြည်တွင်း ရွှေဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တစ်ကျပ်သားကို ကျပ် ၃၅သိန်းကျော်ထိ စံချိန်တင်မြင့်တက်ခဲ့သလို ဈေးနှုန်း မတည်ငြိမ်မှုတွေလည်း ဆက်တိုက် ဖြစ်နေတာပါ။
သတင်း – သံလွင်တိုင်းမ်