ဘုရားသုံးဆူ – အောက်တိုဘာ(၆)
KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့အနီးက မက္ကသာကျေးရွာထဲကို စစ်ကောင်စီကဗုံး ကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်းမီးလောင်ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကလွင်တိုင်းမ် ကိုပြောပါတယ်။
အောက်တိုဘာလ(၆) ရက်နေ့ မနက်(၂) နာရီခွဲလောက်က ဗုံးကြဲတိုက်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းအပြင် တခြားနေရာတွေလည်း ထိခိုက်မှုတွေရှိခဲ့တာပါ။
မနက်(၈) နာရီခွဲလောက်မှာတော့ ဘုရားသုံးဆူမြို့ မက္ကသာကျေးရွာဘက်ကို စစ်ကောင်စီရဲ့ လေယာဉ်ထပ်မံရောက်ရှိလာတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ အသေးစိတ်အခြေ အနေနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၉) ရက်နေ့က စစ်ကောင်စီဘုရားတောင်စခန်းကို KNLA ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း ဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်တွေမှာ နှစ်ဘက်စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ စစ်ရေးတင်းမာနေတဲ့ ဒေသတွေကို မြေပြင်စစ်ကြောင်းမဝင်ခင် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်တာတွေလုပ်ဆောင် ပြီးမှ မြေပြင်စစ်ဆင်ရေးတွေဝင်ရောက်လေ့ရှိနေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ