ရန်ကုန်၊ အောက်တိုဘာ (၅)
အာဏာသိမ်း စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့စက်တင်တာဘာလ တစ်လအတွင်းမှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၄၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေထဲမှာ စစ်ကောင်စီတပ်က အငြိမ်းစား ဗိုလ်မှုးချုပ်တစ်ဦး အပါအဝင် ၁၆ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့တာပါ။
ဒီလို ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေကြောင့် တချို့မြို့နယ်တွေမှာ စစ်ကောင်စီက လုံခြုံရေးတွေ ပိုမိုတင်းကျပ်လာခဲ့သလို ပြည်သူတွေ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေနဲ့ ခြိမ်းခြောက်ငွေကြေး တောင်းခံတွေ ရှိလာတယ်လို့ ရန်ကုန်ဒေသခံ တစ်ဦးက ပြောပါတယ်။
စက်တင်ဘာလအတွင်း တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တွံတေး၊ ပုဇွန်တောင်၊ ရွှေပြည်သာ၊ သာကေတ၊ ဒလ၊ မရမ်းကုန်း၊ လှိုင်နဲ့ ပန်းဘဲတန်းမြို့နယ်တို့မှာ ပစ်ခတ်မှု ၁၄ကြိမ်ဖြစ်ခဲ့ဖြစ်ပြီး အဲဒီပစ်ခတ်မှုအတွင်း ၁၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ပစ်ခတ်မှုတွေကြောင့် ဗိုလ်မှုးချုပ်(ငြိမ်း) ၊ဗိုလ်ကြီး(ငြိမ်း)၊ ဒုတပ်ကြပ်၊ရပ်ကွက်အုပ်ချုပ်ရေးမှုး တစ်ဦး၊ ရာအိမ်မှုးခြောက်ဦးနဲ့ သတင်းပေးဒလန်လို့နာမည်ထွက်သူ ငါးဦး စုစုပေါင်း ၁၅ ဦးသေဆုံးခဲ့သလို ထွေ/အုပ် စာရေးဝန်ထမ်း အပါအဝင် လေးဦး ဒဏ်ရာ ရရှိခဲ့တာပါ။
အလားတူပဲ လှိုင်၊ရွှေပြည်သာ၊တောင်ဥက္ကလာ၊လှိုင်သာယာ၊တာမွေ၊ သုံးခွ၊ မြောက်ဥက္ကလာ၊ သာကေတ၊ စမ်းချောင်း၊ ကမာရွတ်၊မရမ်းကုန်း နဲ့ အလုံမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့သလို ၂၃ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေမှာ စက်တင်ဘာလ ၆ ရက်က ဖြစ်ပွားခဲ့တဲ့ တောင်ဥက္ကလာပမြို့နယ်( ၁၃ ) ရပ်ကွက် ကရုဏာ လမ်းနဲ့ အနော်မာလမ်းထောင့် ဗုံးပေါက်ကွဲမှုမှာတော့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး မြို့နယ်အချို့မှာရှိတဲ့ ရပ်ကျေးအုပ်ချုပ်ရေး မှုးရုံး၊EPCရုံးလုံခြုံရေးကင်း၊ရဲစခန်းတွေမှာ ဗုံးပေါက်ကွဲ မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်