မော်လမြိုင်၊ အောက်တိုဘာ (၅)

မွန်ပြည်နယ်အတွင်းက ရော်ဘာတောင်သူတွေဟာ ရာသီအစမှာပဲ ရော်ဘာဈေးနှုန်း ဆက်တိုက် ကျဆင်းလာတာကြောင့် ရော်ဘာ လုပ်ငန်းတွေ ဆက်လက် လည်ပတ်ဖို့ အခက်ကြုံနေရတယ်လို့ ရော်ဘာခြံရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရော်ဘာဈေးနှုန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ Local 3 မှိုင်းခံပြား (၁) ပေါင်ကို ကျပ်(၁၈၀၀) ဝန်းကျင်ထိ ပေါက်ဈေးနှုန်း ရှိခဲ့ပေမယ့် အောက်တိုဘာ ပထမအပတ်မှာတော့ တစ်ပေါင်ကို ကျပ် (၁၃၀၀) ဝန်းကျင်ထိ ဈေးနှုန်း ပြုတ်ကျသွားခဲ့တာပါ။

ရော်ဘာဈေးနှုန်းဟာ ဒေါ်လာဈေးနှုန်း ကျဆင်းလာမှုကြောင့် ဈေးနှုန်း နိမ့်ကျလာတာ ဖြစ်ပေမယ့် ရော်ဘာ တောင်သူတွေကတော့ သွင်အားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်နေတဲ့အတွက် နလံမထူနိုင် ဖြစ်နေရတာပါ။

တဖက်မှာတော့ ရော်ဘာလုပ်ငန်းတွေဟာ မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက်ကြောင့် အောက်တိုဘာ ပထမပအပတ်ထိ အစေးမခြစ်နိုင်သေးလို့ နစ်နာမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရော်ဘာလုပ်ငန်းရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ကျွန်တော်တို့ သွင်းအားစုတွေ ဈေးကြီးကြီးနဲ့ ပေးဝယ်ထားရတဲ့ အချိန်ပေါ့ဗျာ၊ သွင်းအားစုတွေ ဝယ်တဲ့ အချိန်မှာရော မြေဩဇာတွေ ကျွေးတဲ့ အချိန်မှာရော အကုန်လုံးက ကျွန်တော်တို့က ဈေးအမြင့်နဲ့ အကုန်လုံး ဝယ်ပြီးတော့ ကျွေးထားရတာပေါ့ဗျာ၊ ဝယ်ပြီးသုံးရတယ် ပစ္စည်းတွေ စုရတယ်၊ ဒါပေမယ့် ကျွန်တော်တို့ တကယ့်တကယ် ကျွန်တော် ပစ္စည်းက ထွက်လာတဲ့ အချိန်ကျတော့ ဈေးက တော်တော်လေးကို ပြန်ထိုးကျသွားတဲ့ အခါကျတော့ တောင်သူ အတွက်က နည်းနည်းလေးပေါ့ အကျိုးအမြတ်က တော်တော်လေး နည်းသွားတာပေါ့ဗျာ၊ ပြီးသွားလို့ ရှိရင် ရာသီဥတု ကလည်း ကျွန်တော်တို့က အစေးလှီးရက်က နည်းနည်း နည်းလာတဲ့ သဘော ဖြစ်လာတယ်ဗျ၊ အခါတိုင်းဆို ကျွန်တော်တို့က စက်တင်ဘာ ဆိုလို့ရှိရင် (၁၀)ရက်လောက် ကျွန်တော်တို့ ရတယ်ဗျ၊ ဒီနှစ်မှာဆိုရင် စက်တင်ဘာက သိပ်မရ လိုက်ဘူးဗျ၊ ပြီးတော့ အောက်တိုဘာမှာလည်း ကျွန်တော်တို့က လက်ရှိ အချိန်ထိက မိုးက မပျက်သေးတဲ့ အခါကျတော့ ကျွန်တော်တို့ လှီးလို့ မရသေးတဲ့ အချိန် ဖြစ်နေတယ်ဗျ တောင်သူတွေက”လို့ ဆိုပါတယ်။

ဒါ့အပြင် ရော်ဘာခြံတွေဟာ ဒီနှစ်မှာ လုပ်သား ရှားပါးမှုပြဿနာကြောင့် ကျွမ်းကျင်လုပ်သားတွေကို ဈေးကြီးပေးပြီး ခေါ်ယူ အသုံးပြုထားရသလို ရော်ဘာထုတ်လုပ်တဲ့ ဆက်စပ်ပစ္စည်းတွေ အဆမတန် ပေးချေပြီး ဝယ်ယူအသုံးပြုနေရတဲ့ အခြေအနေကိုပါ ထပ်မံရင်ဆိုင်နေရတာပါ။

ရော်ဘာခြံရှင် တစ်ဦးကလည်း အခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန် ရော်ဘာဈေးနှုန်း ထပ်မံ ကျဆင်းလာပါက တစ်နိုင်တစ်ပိုင် ရော်ဘာခြံအများစု လုပ်ငန်းတွေ ရပ်နားလာနိုင်တယ်လို့ ပြောပါတယ်။

“တချို့တလေ ခြံကြတော့လည်း ဓာတ်မြေဩဇာ ကျွေးတယ် ထွက်တယ်၊ တချို့တလေ ကျတော့လည်း မထွက်ဘူး၊ မထွက်တဲ့ ခြံတွေ ကြတော့လည်း မကိုက်ဘူး၊ ဒီထက် ဈေးကျနေရင်တော့ တောင်သူတွေ မကိုက်တော့ဘူး၊ ဒီဈေးထက်ကို ထက်ကျသွားမယ် ဆိုရင် တောင်သူတွေ ဘယ်လိုမှ မကိုက်တော့ဘူး၊ ကုန်ဈေးနှုန်း မြင့်မာတာနဲ့ လုပ်သားခ ဒီနှစ်က (၁၃)ကျပ် (၁၄)ကျပ် အဲ့လိုအနေအထားတွေ ဖြစ်လာတဲ့ အခါကျတော့ ဒီထက်ကို (၁၃၀၀)အောက် ကျသွားမယ် ဆိုရင်တော့ ဒီခြံမှာ တနိုင်တပိုင်လေး လုပ်စား နေတဲ့လူ ဆိုတော့လည်း အဆင်သိပ် မပြေလှဘူး၊ မပိုလျှံ လှဘူးပေါ့”လို့ ဆိုပါတယ်။

ရော်ဘာလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ရော်ဘာသွင်းအားစု ဈေးနှုန်းတွေ (၄)ဆ နီးပါး မြင့်တက်လာတာကြောင့် ခြံရှင်တချို့ သွင်းအားစု မထည့်နိုင်တဲ့အတွက် အထွက်နှုန်း လျော့ကျလာနိုင်တဲ့ အခြေအနေနဲ့ပါ ထပ်မံရင်ဆိုင်နေရတာပါ။

မွန်ပြည်နယ်ဟာ ရော်ဘာ စိုက်ပျိုး ဧက (၅)သိန်းကျော် ရှိတဲ့ ပြည်နယ် တစ်ခု ဖြစ်ပြီး နှစ်စဉ် ရော်ဘာ တန်ချိန် တစ်သိန်းကျော် ထွက်ရှိနေတာပါ။ထွက်ရှိလာတဲ့ ရော်ဘာတွေကိုတော့ တရုတ်နိုင်ငံကို အဓိက တင်ပို့ ရောင်းချနေရတာ ဖြစ်ပြီး နှစ်စဉ် ရော်ဘာကဏ္ဍကနေ အမေရိကန် ဒေါ်လာ သန်းနဲ့ချီ ရရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် မွန်ပြည်နယ်ရဲ့ ရော်ဘာကဏ္ဍဟာ စစ်တပ် အာဏာသိမ်းမှုဒဏ်ကို တခြားလုပ်ငန်းတွေ နည်းတူ အလူးအလဲ ခံစားနေရတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.