မော်လမြိုင်၊ အောက်တိုဘာ (၅)

မွန်ပြည်နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနအလိုက် အသုံးပြု အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ဘတ်ဂျက် ရန်ပုံငွေ အချက်အလက်တွေကို ပြည်သူ့ထံ ချပြဖို့ မရှိသေးဘူးလို့ မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးအောင်ကြည်သိန်းက ပြောပါတယ်။

သံလွင်တိုင်းမ်က သတင်းဌာနက မွန်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှုတွေ အပါအဝင် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်က ပြည်သူတွေအပေါ် ခြိမ်းခြောက်ငွေကြေး ကောက်ခံနေတဲ့ အခြေအနေတွေအပြင် ဘတ်ဂျက်ရန်ပုံငွေ သုံးစွဲမှုကို Citizen Budget စာစောင် ထုတ်ဝေပြီး ပြည်သူ့ထံ ချပြဖို့ ရှိ မရှိ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သီးသန့် တွေ့ဆုံမေးမြန်းစဉ် အခုလို ပြန်လည် ဖြေကြားခဲ့တာပါ။

ဦးအောင်ကြည်သိန်းကတော့ စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာန တွေရဲ့ အသုံးပြုနေတဲ့ ဘတ်ဂျက်ရန်ပုံငွေတွေကို မချပြရတာဟာ အရင်လို လွှတ်တော်တွေ မရှိတဲ့အတွက် အပြန်အလှန် ဆွေးနွေးတာတွေ မရှိတာကြောင့် ပြည်သူတွေကို မချရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဘတ်ဂျက်ရန်ပုံငွေတွေကိုတော့ စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနတွေက ပုံမှန်အတိုင်း အသုံးပြုနေပြီး သမေးမြန်းပါက ဖြေကြားပေးလို့ ရပေမယ့် အရင်လို ပြည်သူထံ ချပြဖို့တော့ မရှိသေးဘူးလို့ ဆိုပါတယ်။

“အရင်တုန်းကတော့ လွှတ်တော် ရှိတော့လေ လွှတ်တော်ကနေ ပြီးတော့မှ ဒါတွေက အကုန်လုံး ပြောနေ ဆွေးနွေးနေတော့ ဘာညာတော့ ရှိတာပေါ့၊ အခုအချိန် ကျတော့ ဒါတွေ သုံးစွဲနေတဲ့ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ ဌာနက နေပြီးတော့ ပုံမှန်အတိုင်း လုပ်နေတာတွေတော့ ရှိပါတယ်၊ ဒီဟာ ချပြဖို့ ကြတော့လည်း ကျွန်တော်တို့ အရင်တုန်းက လိုမျိုးပေါ့နော် လွှတ်တော် မရှိတဲ့ အတွက်ကြောင့် မို့လို့ လွှတ်တော်မှာ ဆွေးနွေးတဲ့ အပိုင်းတပိုင်းကြောင့် အားလုံးက အကုန်သိနေတာပေါ့နော်၊ အခုချိန်မှာတော့ သက်ဆိုင်ရာ ဌာန သုံးစွဲ နေတဲ့ ဟာတွေက တကယ်တန် မေးမြန်းတာ ဘာညာတောင် မရှိရင်လည်း ကျွန်တော်တို့ ဖြေကြားပေးလို့ ရပါတယ်ဗျ၊ ဒီလို ချပြတယ် ဆိုတာတော့ ကျွန်တော်တို့ အခု လက်ရှိ လုပ်နေတဲ့ အချိန်အတိုင်းအတာ အတော့အတွင်း အချိန်ကတော့ ကျွန်တော်တို့ အဲ့လို ချပြတာတော့ ကျွန်တော်တို့ မရှိသေးပါဘူးဗျ”လို့ ဦးအောင်ကြည်သိန်းက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူ့ဘဏ္ဍာငွေ အသုံးပြုပြီး လုပ်ဆောင်ရတဲ့ ဘတ်ဂျက်ရန်ပုံငွေတွေကို အများပြည်သူ သိရှိအောင် ပွင့်လင်းမြင်သာစွာ ချပြမှုမရှိတဲ့အတွက် ဘဏ္ဍာငွေတွေ လေ့လွင့်မှု ပိုမို ဖြစ်ပေါ်လာနိုင်သလို ဌာနဆိုင်ရာအတွင်း အဂတိ လိုက်စားမှုတွေ ပိုမိုဆိုးဝါးလာနိုင်တယ်လို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်တုန်းက ဌာနဆိုင်ရာတွေမှာ အသုံးပြုမယ့် ဘတ်ဂျက်တွေကို အများပြည်သူတွေ သိရှိနိုင်အောင် ဘဏ္ဍာရေးနှစ်အလိုက် Citizen Budget စာစောင် ထုတ်ဝေပြီး ရန်ပုံငွေသုံးစွဲမှုတွေကို ပွင်းလင်းမြင်သာစွာ ချပြခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေရဲ့ ပြည်သူ့ဘဏ္ဍာငွေကနေေ အသုံးပြုမယ့် ဘတ်ဂျက်တွေကို ပွင့်လင်းမြင်သာစွာ ချပြမှုတွေ မရှိတော့သလို ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလည်း မရှိသလောက် နည်းပါးလာတယ်လို့ ဒေသခံတွေ ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.