ရန်ကုန်၊ အောက်တိုဘာ (၅)

နိုင်ငံတော်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ထုတ်ချေးထားတဲ့ ချေးငွေတွေကို သတ်မှတ်ကာလအတွင်း ပြည့်မီအောင် ပြန်ဆပ်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိအားပေး ပြောဆိုလာတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နဲ့ ရန်ကုန်တိုင်းမှာရှိတဲ့(MSME) စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်ကတော့ နိုင်ငံတော်က ရဖို့ကျန်ရှိနေတဲ့ ချေးငွေတွေ ပြန်ရရှိမယ်ဆိုရင် ချေးငွေတွေကို လုံလောက်စွာ ထပ်မံထုတ်ချေးပေးနိုင်မှာဖြစ်ပြီး နိုင်ငံတော်အနေနဲ့ ပြည်တွင်း လည်ပတ်သုံးစွဲငွေတွေ ရှိပြီးဖြစ်လို့ စီးပွားရေး လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ချေးငွေတွေကို အတတ်နိုင်ဆုံး ထုတ်ချေးပေးသွားမယ်လို့ လည်း ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလချေးငွေတွေကို ပြန်ပေးဆပ်ဖို့ အခက်အခဲဖြစ်ပေါ်နေမှုကို ကာလတစ်ခု သတ်မှတ်ပေးမှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေတွေ ရရှိဖို့ကိုလည်း ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကြောင့် စီးပွားရေးလုပ်ငန်း အများစု အထွေထွေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ စစ်ကောင်စီဘက်က ချေးငွေတွကို ဆိုင်းငံ့ပေးတာအပြင် လျှော့ပေါ့စဉ်းစားပေးစေချင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

စစ်ခေါင်းဆောင်ကတော့ ထုတ်ချေးပေးထားတဲ့ ချေးငွေတွေနဲ့ ပေးသွင်းရမယ့် အခွန်အခတွေကိုလည်း အပြည့်အဝပေးသွင်းဖို့လိုပြီး လာမယ့်ဘတ်ဂျက်ကာလတွေမှာ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ရံပုံငွေအတွက် ထည့်သွင်းလျာထားပေးသွားမယ်လို့လည်း ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် လျှပ်စစ်မီး ပုံမှန်မရတဲ့အတွက် ဈေးမြင့်တက်နေတဲ့ စက်သုံးဆီကို အသုံးပြုပြီး မီးစက်တွေနဲ့ လုပ်ငန်းလည်ပတ်ရတာကြောင့် အချို့ လုပ်ငန်းတွေ ရပ်နားလာကြတဲ့ အခြေအနေအထိ ဖြစ်နေတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကာလအတွင်း တိုင်းပြည်ရဲ့ စီးပွားရေးဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ပြည်သူတွေမှာလည်း ကျပ်ငွေတန်းဖိုးကျဆင်းမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အလူးအလဲ ခံစားနေရတာပါ။

ဒါပမေယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာ့စီးပွားရေးရဲ့ အသက် သွေးကြော ဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍကို နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ လေးလုံးကြွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.