ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ ငြိမ်းချမ်ရေး ဆွေးနွေးရာမှာ ပင်လုံကတိကဝတ် အကောင်အထည်ဖော်ဆောင်ဖို့ ၊ ဗမာပြည်နယ် ဖွဲ့စည်းဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ အပါအဝင် အချက် ၄ ချက် တင်ပြဆွေးနွေးခဲ့တာပါ။ SSPP ပါတီဘက်က တင်ပြချက်တွေအပေါ် စစ်ကောင်စီဘက်က ဘယ်လို သဘောထားပေးလာပါသလဲ။ ဗမာပြည်နယ် ဖွဲ့စည်းဖို့ တင်ပြမှုကိုရော လက်ခံပါသလား၊ ဒီတွေ့ဆုံ ဆွေးနွေးပွဲတစ်ခုကို ဘယ်လို မြင်ပါသလဲ။ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုနဲ့ ဆက်သွယ်မေးမြန်းချက်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က စစ်ကောင်စီနဲ့ တွေ့ဆုံစဉ် ပင်လုံကတိကဝတ် အကောင်အထည် ဖော်ဖို့ အပါအဝင် အချက် ၄ ချက် တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ စစ်ကောင်စီဘက်က ဘယ်လို ပြန်ဆွေးနွေးတာ ရှိလဲ။

သူတို့ ဆွေးနွေးတာက ဖွဲ့စည်းပုံ အစားထိုးတဲ့ ပုံစံတော့မရဘူး၊ အခန်းရွေ့တာမျိုးလည်း မရဘူးပေါ့။ အခန်းလိုက် ဇယားလိုက်နဲ့ပဲ  အဲ့လိုမျိုး ဆွေးနွေးသွားရင်တော့ ရတယ် ပြောတယ်။ နောက်ပြီး  ၂၀၀၈ အခြေခံမူအရ  အခန်းလိုက် ပုဒ်မအလိုက် ပြင်ပေါ့နော်၊ သူတို့ ခွင့်ပြုတယ်၊ သူတို့ဘက်ကလည်း အချက်အလက်  စုတုန်း၊ လာမယ့်လွှတ်တော်မှာ ဆက်လုပ်လို့ရမယ် ပြောတယ်၊ အခုက အစိုးရလည်း မရှိဘူး။ လွတ်တော်လည်း မရှိဘူး၊ အခုက ဘာမှလုပ်လို့ မရဘူး။ လက်ရှိက အချက်အလက်ပြုစုပြီး  လာမယ့် လွှတ်တော်အတွက် ကြိုတင်ပြင်ဆင်မှု လုပ်တာပဲရှိတယ်။ လောလောဆယ်မှာတော့ အဆင်မပြေသေးဘူး၊ ထပ်ပြီးတော့ ဆွေးနွေးသွားရမှာပါ။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဗမာပြည်နယ် ဖွဲ့စည်းဖို့ တင်ပြချက်အပေါ်မှာရော စစ်ကောင်စီဘက်က လက်ခံပါသလား။

ကျွန်တော်တို့က အမျိုးသားတန်းတူရေးအတွက် ဗမာပြည်ပဲခေါ်ခေါ် ၊ ပြည်မပဲပြောပြော ပြည်နယ်ပဲပြောပြော၊ တန်းတူညီမျှတဲ့ ဖယ်ဒရယ်စနစ်သွားဖို့က ကျွန်တော်တို့ တင်ပြတဲ့ အဲ့ဗမာပြည်နယ်ကိစ္စက တောင်းဆိုတယ်၊ သူတို့က လက်မခံဘူးပြောတယ်။

လေးရက်တာ တွေ့ဆုံဆွေးနွေးပွဲမှာ ဘယ်အချက်တွေအပေါ် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသလဲ။

ပြောမယ်ဆိုရင်တော့ ဒီဆွေးနွေးပွဲက အပြုသဘော ဆောင်ပါတယ်။ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်နေ၊ သတ်ဖြတ်နေတာထက် ဆွေးနွေးရတာတော့ ပိုကောင်းတာပေါ့။ အဖွဲ့ သုံးလေးဖွဲ့နဲ့ ဆွေးနွေးတာ ချည်းမဟုတ်ပဲ  လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးသွားနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် သဘောထားတွေပေးတာ၊ ဆွေးနွေးတာတော့ ရှိပါတယ်၊ အခုက လွတ်တော်လည်း မရှိနဲ့ဆိုတော့ အကြိုသဘောလောက်လေးပဲ ဆွေးနွေးခဲ့ရတာပါ။

နောက်ဆုံးအနေနဲ့ စစ်ကောင်စီဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် SSPP အနေနဲ့ အားရကျေနပ်မှု ရှိပါသလား။

သိပ်တော့ အားရကျေနပ်တာ မရှိပါဘူး၊ ဘာလို့ဆိုတော့ ဖွဲ့စည်းပုံဥပဒေနဲ့ ပက်သက်ပြီးတော့ ပြင်တာတွေ ဘာတွေ ကျွန်တော်တို့ မဆွေးနွေးရသေးဘူး၊  တင်ပြတာ လောက်လေးပဲ ရှိခဲ့တယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.