နေပြည်တော် – အောက်တိုဘာ(၄)

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဟောင်းဦးသန်းဌေးက ပြန်လည်ရွေးချယ်မယ့် ပါတီ ဥက္ကဋ္ဌနေရာအတွက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ဒီနေ့ အောက်တိုဘာလ(၄) ရက်နေ့မှာ ကျင်းပနေတဲ့ ပါတီညီလာခံမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

ပါတီမှာ တာတန်ထပ်မံထမ်းဆောင်ဖို့ ဆုံးဖြတ်ခဲ့တာဟာရွေးကောက်ပွဲအောင်နိုင်အောင် ဦးမဆောင် နိုင်တာ၊ပါတီဝင်(၂)ထောင်ကျော် အသတ်ခံရတာအတွက်ထိရောက်တဲ့ အကာအကွယ်မပေးနိုင်တာနဲ့ (၇) နှစ်ကြာ ခံစားနေရတဲ့ ခါးနာဝေဒနာကို ခွဲစိတ်ကုသရမှာဖြစ်တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။

အနားယူဖို့ ဆုံးဖြတ်လိုက်တာဟာ လူမှုကွန်ရက်ပေါ်က တိုက်ခိုက်မှုတွေကြောင့်မဟုတ်ဘူးလို့လည်း သူကပြောဆိုခဲ့ပြီး ပါတီကို ဦးဆောင်မယ့်သူတွေအနေနဲ့ ပါတီဝင်တွေကို စည်းလုံးညီညွတ်ရေး၊ ပါတီ ဝင်တွေရဲ့ အသက်အန္တရာယ်လုံခြုံရေးနဲ့ လာမယ့်ရွေးကောက်ပွဲ အောင်နိုင်ရေးတို့မှာ ဦးဆောင်နိုင် မယ်လို့ မျှော်လင့်တယ်လို့ သူကပြောပါသေးတယ်။

လက်ရှိအချိန်မှာတော့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ နေရာကို ဦခင်ရီက ယာယီဥက္ကဋ္ဌအဖြစ် ပြီးခဲ့တဲ့ ဩဂုတ် လတည်းက လွှဲပြောင်းရယူထားတာပါ။

ရဲချုပ်ဟောင်းဦးခင်ရီဟာ စစ်ကောင်စီမှာ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ(၁၈) ရက်နေ့က စစ်ကောင်စီဝန်ကြီးအဖြစ်က ထုတ်ပယ်ခံထားရသူဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ စည်းမျဉ်းတွေအရ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တွေနှုတ်ထွက်ရမှာဖြစ်ပြီး ညီလာခံမှာ ပြန်လည်ရွေးချယ်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.