မော်လမြိုင်၊ အောက်တိုဘာ (၄)

မွန်ပြည်နယ်တဝန်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး အကြောင်းပြပြီး ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးရာမှာ ခြိမ်းခြောက် ငွေကြေး တောင်းခံမှုတွေ ဆက်တိုက် ကျူးလွန်နေတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအရ ဆိုပြီး ကား၊ ဆိုင်ကယ်တွေမှာ ဖောက်ခွဲရေး ပစ္စည်း ပါမပါ စစ်ဆေးပြီးနောက် ခြိမ်းခြောက် ငွေကြေး တောင်းခံမှုတွေကို ဆက်တိုက် ကျူးလွန်းလာတာ ဖြစ်ပါတယ်။

ကားတွေကို စစ်ဆေးရာမှာ ယာဉ်မောင်းလိုင်စင်၊ ယာဉ်သက်တမ်းနဲ့ တင်ဆောင်ရာတဲ့ ကုန်ပစ္စည်းတွေ စစ်ဆေးပြီး ဆိုင်ကယ်တွေမှာလည်း နံပါတ်ပြား၊ မှန်ထောင်၊ ဦးထုပ်နဲ့ လိုင်စင်ကအစ စစ်ဆေးပြီးနောက် အချက်အလက် မပြည့်စုံတဲ့ ယာဉ်တွေကို အနည်းဆုံး ကျပ် ၅၀၀၀ ကနေ သောင်းနဲ့ချီ ခြိမ်းခြောက် တောင်းခံလာတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခြိမ်းခြောက် ငွေကြေး တောင်းခံမှုကို ရင်ဆိုင်ခဲ့ရတဲ့ ဒေသခံတစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ဘောက်စစ်မယ်ဆိုတော့ လူတွေက ဝင်တာပေါ့ကွာ၊ ဝှီတက်လည်း ပါတယ် ဆိုတော့ အကုန်လုံး စုံတယ် ဆိုတော့ သွားတာပေါ့၊ ဘောက်စစ်တော့ အကုန်လုံး စုံတာတောင်မှ ဒီကောင်တွေက နောက်ဆုံး ယာဉ်မောင်း လိုင်စင်ပေါ့၊ ယာဉ်ထိန်း မပါဘဲ စစ်တာ၊ ဘောက် အရင် ဖွင့်ခိုင်းတယ်လေ၊ ဘောက်စစ်တယ်၊ ဘောက်စစ်ပြီးရင် ဝှီတက် မေးတာပေါ့ ဆိုင်ကယ် ဝှီတက်၊ ဆိုင်ကယ် ဝှီတက် မေးပြီးရင် မောင်းလိုင်စင် မေးတယ်၊ မောင်းလိုင်စင်ပေါ့ ဆိုင်ကယ် ယာဉ်မောင်း လိုင်စင်ပေါ့၊ အဲ့တာ မရှိလို့ ရှိရင်တော့ ဒဏ်ငွေ ဆောင်ရမှာပေါ့၊ ဒဏ်ငွေ ဆောင်ရမယ် ဆိုပြီးတော့ တောင်းတာပေါ့၊ ဘယ်လောက်လောက် တောင်းလည်း ဆိုတော့ (၅၀၀၀)လောက် တောင်းတယ်၊ တချို့ကောင်တွေကျတော့ ကြည့်ကြပ် လုပ်ပေးပေါ့ သူတို့ မပြောဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ်တွေကို စစ်ဆေပြီးနောက် ဒဏ်ငွေ ဆောင်ရမယ်ဆိုပြီး ငွေကြေး တောင်းခံတဲ့ နေရာမှာလည်း အရင် ယာဉ်ထိန်းရဲတွေ လိုမျိုး ချလံ ဖြတ်ပေးခြင်း မရှိတာကြောင့် သူတို့ ကိုယ်ကျိုး အတွက်သာ အသုံးပြုနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဆိုင်ကယ် တက္ကဆီ ယာဉ်မောင်း တစ်ဦးက စီပွားရေး အကြပ်အတည်းတွေနဲ့ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် တစ်နေ့ ကျပ်တစ်သောင်းတောင် မရရှိတဲ့ အနေအထားမှာ အခုလို စစ်ကောင်စီ ရဲတပ်ဖွဲ့တွေက လုံခြုံရေး အကြောင်းပြ စစ်ဆေးပြီး ငွေကြေးတောင်းခံနေတာကြောင့် ဘယ်မှတောင် မသွားရဲတော့ဘူးလို့ ပြောပါတယ်။

“သူတို့ အမြဲတမ်း တံတားထိပ်တို့ ဒိုင်းဝန်ကွင်း ဘက်ခြမ်း မီးပ္ပိုင့်တို့ ဘာတို့ အဲ့ဒီဘက်ခြမ်းမှာတော့ သူတို့ အမြဲတမ်း မော်တော်ပီကယ်တွေကတော့ အမြဲတမ်း ရှိတယ်လေ၊ မှန်ထောင်မတက် တာတို့ ဘာတို့ အဲ့တာလောက်ပဲ စစ်တယ်၊ လိုင်စင်မရှိလို့ ဖမ်းတာက တစ်မျိုး၊ လိုင်စင် ရှိရှိကြီးနဲ့ အဲ့လိုကြီး ဆိုတော့ အဲ့ဒီ အခါကျ ပိုဆိုးတာပေါ့၊ ဘာလို့ ဆိုတော့ တစ်နေ့ (၁)သောင်း တောင် မကျော်ဘဲ ပိုက်ဆံ အဲ့ဒီလောက် မရတော့ (၃)သောင်း ဆိုရင်တော့ အခြေအနေ ပိုဆိုးတာပေါ့၊ အဲ့တာဆို ဘယ်မှတောင် မသွားရဲတဲ့ ပုံစံ ဖြစ်သွားပြီးဗျာ”လို့ ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ခံ တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ ဟာ လုံခြုံရေးကို အကြောင်းပြပြီး ငွေကြေး တောင်းခံတဲ့ နေရာမှာ နေရာ အတည်တကျ မရှိဘဲ မြို့ဝင် မြို့ထွက် နေရာတွေ၊ မြို့ထဲ လူသွားလာမှု များတဲ့ နေရာတွေမှာ နေ့ရောညပါ ခြိမ်းခြောက် ငွေကြေးတောင်းခံနေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးအောင်ကြည်သိန်းကတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ ငွေကြေး တောင်းခံမှုတွေကို တိုင်းကြာလာပါက အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း မတရား ဖမ်းဆီးပြီးနောက် အမှုမဖွင့်ဖို့အတွက်ဆိုပြီး ငွေကြေး အဆမတန် တောင်းခံတာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံတပ်နဲ့ ရဲတွေအပြင် ဌာနဆိုင်ရာဝန်ထမ်းတွေ လာဘ်စားမှု ဆက်တိုက်ကျူးလွန်းနေပေမယ့် စစ်ကောင်စီက ဖော်ထုတ်အရေးယူတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.