မော်လမြိုင်၊ အောက်တိုဘာ (၄)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လောင်းကစားဝိုင်း ဦးစီးသူတွေက စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး လောင်းကစားဝိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ဟာ မော်လမြိုင်မြို့ခံတွေကို နိုင်ငံရေးအာရုံမရစေဖို့ ရည်ရွယ်ချက်နဲ့ လောင်းကစားဝိုင်းတွေကို တရားဝင်နီးပါး ဖွင့်လှစ်ခွင့်ပြုထားသလို အရပ်သားတွေကိုလည်း ငှားရမ်းပြီး လက်နက်တွေနဲ့ အစောင့်သဘောမျိုး ထားရှိထားတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
လောင်းကစားဝိုင်းတွေအတွင်း စနေ၊တနင်္ဂနွေနေ့တွေမှာ ကြက်ဝိုင်းအပါအဝင် အခြားသော ရက်တွေမှာ ဖဲဝိုင်း၊ဂျင်၊အံဂလုံဆွဲတာအပြင် တခြားလောင်းကစားတွေကိုလည်း ခွင့်ပြုပေးထားသလို အဲဒီလောင်းကစားဝိုင်းတွေကနေ တစ်ရက်လျှင် အကောက်ကြေး ကျပ် သိန်း ၅၀၀ လောက် ရရှိနေတာပါ။
ဒီလိုမျိုးလောင်းကစားဝိုင်းတွေကို စစ်ကောင်စီရဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ စစ်တပ်ဗျူဟာမှူးတွေကိုယ်တိုင် ခွင့်ပြုထားတာဖြစ်ပြီး မူးယစ်ဆေးဝါးတွေလည်း ရောင်းဝယ်နေကြတာ ရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ မော်လမြိုင်ရှိ သရက်ကုန်း၊ရှမ်းကုန်းနဲ့ ဘာဘူကုန်းတို့မှာ လောင်းကစားဝိုင်းတွေကို ဖွင့်လှစ်ခွင့်ပေးအပ်ထားတာ ဖြစ်ပြီး ကျန်ရှိတဲ့ ရပ်ကွက်၊ကျေးရွာတွေမှာ လိုင်ကြေးပေးပြီး လောင်းကစားဝိုင်း ထောင်တာတွေလည်း ရှိနေတာပါ။
သတင်းရင်းမြစ်အဆိုအရ လောင်းကစားဝိုင်းတွေမှာ ဌာနဆိုင်ရာ အာဏာပိုင်တွေနဲ့ မော်လမြိုင်မြို့ခံသူဌေးတွေလည်း လာကစားကြတာရှိပြီး ခိုးယူထားတဲ့ ဆိုင်ကယ်တွေကိုလည်း လောင်းကစားဝိုင်းမှာ ရောင်းဝယ်တာ ရှိသလို အပေါင်ဆိုင်တွေ ငွေတိုးချေးတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
စစ်တပ် အာဏာသိမ်းမှုကြောင့် အထွေထွေကုန်ဈေးနှုန်း မြင့်တက်မှုနဲ့ အလုပ်ကိုင်ရှားပါးပြီး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီလိုမျိုး လောင်းကစားဝိုင်းတွေကြောင့် ဓါးပြတိုက်မှုတွေ၊ခိုးဆိုးလုယက်မှုတွေလည်း ပိုမိုများပြားလာနေပြီး ပြည်သူတွေ လုံခြုံမှုမရှိတဲ့ အခြေအနေနဲ့ ပိုမို ရင်ဆိုင်လာတာပါ။
အခုလို လောင်းကစားဝိုင်းတွေကို ပြည်သူတွေက သက်ဆိုင်ရာအာဏာပိုင်တွေထံ တိုင်တန်းပေမယ့် တစ်စုံတစ်ရာအရေးယူတာမရှိတဲ့အပြင် လောင်းကစားဝိုင်းသတင်းပေးသူတွေကိုလည်း အသက်အန္တရာယ် ရန်ပြုခံရတာတွေလည်း ရှိနေတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်တပ် အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ မြို့နယ်စလုံးမှာ စစ်ကောင်စီတပ်က လောင်းကစားဝိုင်း ၃၀ ထက်မနည်း ဖွင့်လှစ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်