ရန်ကုန်၊ အောက်တိုဘာ (၄)

အာဏာသိမ်း စစ်ကောင်စီက ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ သူတို့အလိုရှိတဲ့သူတွေကို နိုင်ငံတကာ မှုခင်းရဲတပ်ဖွဲ့ အင်တာပိုလ်ထံ အချက်အလက် ပေးပို့မှုဟာ စိုးရိမ်စရာမရှိသလို အင်တာပိုလ်ကလည်း ပူးပေါင်းဆောက်ရွက်မှာ မဟုတ်ဘူးလို့ ဥပဒေပညာရှင်တွေ ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီဟာ သူတို့ အကြမ်းဖက်ပုဒ်မတွေတပ်ပြီး ဖမ်းဝရမ်းထုတ်ထားတဲ့ ပြည်ပရောက်နေသူတွေကို ပြန်လည်လွှဲပြောင်းပေးဖို့အတွက် အင်တာပိုလ်အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားတာပါ။

နိုင်ငံတကာ မှုခင်းရဲတပ်ဖွဲ့ အင်တာပိုလ်ဟာ လူသတ်မှု၊ အကြမ်းဖက်မှု၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတို့လို ကြီးလေးတဲ့ ပြစ်မှုတွေအတွက် ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် အင်တာပိုလ်ဟာ စစ်အုပ်စု တောင်းဆိုသလို အလိုရှိသူတွေကို ပြန်လွှဲပေးမှာ မဟုတ်သလို အခုကိစ္စရပ်ဟာ ခြိမ်းခြောက် ဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။

“အင်တာပိုလ်က လူသတ်၊ဓားပြ၊ ဘိန်းကုန်ကူး၊အဲဒီလိုလူတွေကိုပဲ အင်တာပိုက လက်ခံဆောင်ရွက်တာ။ အခု ၅၀၅ ဆိုတာက နိုင်ငံရေးလေ။ နိုင်ငံရေးပုဒ်မတွေနဲ့ပတ်သက်တဲ့အမှုတွေသူတိူ့မလုပ်ဘူး။ မပတ်သက်ဘူးဆိုတာ အင်တာပိုလ်ကအတိအလင်းပြောထားပြီးသား။အင်တာပိုလ်ရဲ့သဘောထာယကအဲဒီလိုရှိတယ်။သူတို့က တမင်သက်သက် ခြိမ်းခြောက်ပြီး ဖြန့်တာပေါ့ ” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ NUG၊ CRPH PDF အဖွဲ့တွေနဲ့ ပတ်သက်သူတွေ၊ အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ဆော်နေသူတွေရဲ့ အချက်အလက်တွေကို နိုင်ငံတကာ မှုခင်းရဲတပ်ဖွဲ့ အင်တာပိုလ်ထံ ပေးပို့ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပတ်စ်စပို့ ဖျက်သိမ်းခံလိုက်ရတဲ့ မြန်မာနိုင်ငံသူ အလှမယ်ဟန်လေးဟာ ဘန်ကောက်မြို့က လေဆိပ်တစ်ခုမှာ ယာယီထိန်းသိမ်းခံခဲ့ရပြီးနောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကာအကွယ်နဲ့ ကနေဒါနိုင်ငံမှာ ခိုလှုံခွင့်ရရှိခဲ့တာပါ။

ဥပဒေပညာရှင်တစ်ဦးကလည်း စစ်အုပ်စုကို လက်ရှိအချိန်ထိ နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတာ မရှိသေးတဲ့အတွက်ကြောင့် အင်တာပိုလ်အနေနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ သုံးသပ်တာပါ။

“ကျွန်တော်တို့အမြင်ကတော့ အင်တာပိုလ်က လက်ခံဆောင်ရွက်လိမ့်မှာမဟုတ်ဘူးလို့မြင်ပါတယ်။ ဘာလို့ဆို လက်ရှိပေါ်ပေါက်နေတဲ့အခြေအနေတွေအပေါ်မှာ သုံးသပ်ရမှာကိုး။ လက်ရှိအခြေအနေတွေအရ ဒေသတွင်းအဖွဲ့အစည်းတွေဖြစ်တဲ့ အာဆီယံကလည်း အာဆီယံအစည်းအဝေးတွေတောင်မှ စစ်ကောင်စီကို တက်ရောက်ခွင့်မပေးဘဲနဲ့ အသိအမှတ်မပြုဘူး ငြင်းပယ်ထားတယ်။ ဒီလိုပဲ UN ကလည်းပဲ သူရဲ့အစည်းအဝေးတွေကို တက်ရောက်ခွင့်မပေးဘဲ ငြင်းပယ်ထားတော့ သူရဲ့အစုထးရဆိုတဲ့ရပ်တည်မှုက တရားဝင်မှု အသိအမှတ်ပြုမှုမရှိဘူး။ မရှိတဲ့အတွက် အဲဒီလိုအစိုးရတစ်ရပ်ကနေ တောင်းခံလာတဲ့အပေါ်မှာ အင်တာပိုလ်အနေနဲ့ ဥပဒေအရ လိုက်နာဆောင်ရွက်ဖို့ မရှိဘူး။ အဲတော့ အင်တာပိုလ်အနေနဲ့ကတော့ လိုက်နာဆောင်ရွက်လိမ့်မှာမဟုန်ဘူးလို့ပဲ ကျွန်တော်တို့ မြင်ပါတယ်။” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အင်တာပိုလ်ရဲ့ အဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်ပြီး၊ စစ်အာဏာရှင်ဟောင်းဦးသန်းရွှေ လက်ထက်မှာ အဖွဲ့ဝင် ဖြစ်လာခဲ့တာပါ။နိုင်ငံတကာ ရဲလုပ်ငန်းစဉ်တွေကို ပူးပေါင်းလုပ်ဆောင်တဲ့ အင်တာပိုလ်အဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၄) နိုင်ငံရှိပြီး ကမ္ဘာလုံးဆိုင်ရာ စုံစမ်းစစ်ဆေးရေးကိစ္စရပ်တွေအတွက် အချက်အလက်မျှဝေတာ၊နည်းပညာနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အထောက်အကူပေးနေတာပါ။

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဟာ အင်တာပိုလ်အဖွဲ့ဝင်ဖြစ်တဲ့အတွက် မှုခင်းဆေးပညာဆိုင်ရာ အချက်အလက်ရယူတာ၊ခရီးသွားလာခွင့်ရရှိတာနဲ့ ကမ္ဘာတဝန်းက အင်တာပိုလ် အချက်အလက်စင်တာ (၁၄) ခုကို ဝင်ရောက်ခွင့်ရှိနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် မတရားပုဒ်မ အမျိုးမျိုးတပ်ခံရတာ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ ပြည်သူတွေဟာ ထိုင်းနိုင်ငံ၊အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ခိုလှုံနေကြရသူ သိန်းနဲ့ ချီရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.