ကျောက်ကြီး၊ အောက်တိုဘာ (၄)
ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဘောကထာကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ကျောက်ကြီးမြို့နယ် ဘောကထာကျေးရွာအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီး တချက်ပစ်ခတ်ခဲ့တာကြောင့် အသက်(၅၀)ကျော်နဲ့ (၆၀)အရွယ်ဝန်းကျင်ရှိတဲ့ ဒေသခံနှစ်ဦး သေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
စစ်ကောင်စီတပ်က ဒီလိုကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျောက်ကြီးမြို့နယ် ဘောကထာကျေးရွာ၊ ပဒဲကောကျေးရွာနဲ့ မဘီကျေးရွာက အိမ်ခြေ စုစုပေါင်း(၈၃၇)အိမ်၊ လူဦးရေ (၄၀၇၇)ဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောက်ကြီးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ (၇)ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဟာ တပ်မဟာ(၅)ကနေ တပ်မဟာ(၃)နယ်မြေထဲကို ပြန်ဆင်းလာပြီးနောက် ထိုးစစ်ဆင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေတာပါ။
အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကို အတည်မပြုနိုင်သေးပေမယ့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လှုပ်ရှားနေတဲ့အချိန်မှာ တောင်ပေါ်နေ ကရင်တိုင်းရင်းသားလူမျိုးတို့ရဲ့ နေအိမ်တွေနဲ့ စားနပ်ရိက္ခာတွေကို မွှေနှောက်ဖျက်ဆီးတာ၊ အိမ်မွေးတိရိစ္ဆာန်တွေကို ဖမ်းယူစားသောက်သတ်ဖြတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)ထိန်းချုပ်နယ်မြေအတွင်းမှာ ပြီးခဲ့တဲ့ မေလကနေစပြီး စက်တင်ဘာလအထိ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှု၊ လူ့အခွင့်အရေးချိုးဖောက်ဆောင်ရွက်မှုတွေကြောင့် ရွာပေါင်း(၁၂၅)ရွာက ဒေသခံပြည်သူဦးရေ(၁၀၀၀၀၀)နီးပါး စစ်ဘေးရှောင်နေရခဲ့ပြီး အရပ်သားပြည်သူ(၁၆)ဦး သေဆုံးခဲ့သလို (၉၇)ဦးဟာ မတရားဖမ်းဆီးညှဉ်းဆဲခံထားရတယ်လို့ KNU ညောင်လေးပင်ခရိုင်ထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်