ရန်ကုန် – အောက်တိုဘာ(၃)
စစ်ကောင်စီလက်အောက်ခံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းဟာ ဗဟိုဘဏ်က အပ်နှံထားတဲ့ နိုင်ငံတော်ပိုင် ရွှေဒင်္ဂါး ပြားတွေနဲ့ ရွှေစင်ချောင်းတွေရောင်ချပေးသူတွေကို အရေးယူသွားမယ်လို့ NUG က ထုတ်ပြန်ထားပါ တယ်။
ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီအတွက်လိုအပ်တဲ့ ငွေကြေးတွေကို Non – CDM ဝန်ထမ်း တွေက နိုင်ငံတော်ပိုင်ပစ္စည်းတွေကိုရောင်းချပြီး ရှာဖွေပေးနေတဲ့အတွက် သူတို့ကို ဥပဒေနဲ့ အညီတရားစွဲဆို အရေးယူသွားမယ်လို့ ဆိုထားတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၉) ရက်နေ့ နေ့လည်ပိုင်းက စတင်ပြီး စစ်ကောင်စီသယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ရွှေစျေးနှုန်းတည်ငြိမ်စေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ(၃) ပိဿစီကို လေလံစနစ်နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ရွှေစျေးနှုန်းတည်ငြိမ်ရေးအတွက်ဆိုပြီး ရွှေဒင်္ဂါးပြား ပိဿချိန် (၄၅၅) ကျပ်သားကို ရောင်းချထားတယ်လို့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောဆိုထားပါတယ်။
နိုင်ငံပိုင်ရွှေရောင်းချတဲ့ စီမံချက်မှာ ပါဝင်တဲ့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ် ငန်း နဲ့ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းတို့က စီမံခန့်ခွဲသူအဆင့် အရာရှိအရာထမ်းနဲ့ ပါဝင်ပတ်သက် သူအားလုံးကို သတိပေးပြောဆိုထားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ရွှေ(၃) ပိဿာကို တခါတည်း လေလံစွဲရတာနဲ့ စစ်ကောင်စီရဲ့ ဒေါ်လာသတ်မှတ်စျေးနှုန်း နဲ့ စျေးကွက်အတွင်းဖွင့်လှစ်ထားတဲ့ အကယ်ဒမီအခေါက်ရွှေ (၁၉) သိန်းကျော်နဲ့ မဟုတ်ဘဲ ပြင်ပပေါက် စျေး (၂၅) သိန်းကျော်နဲ့သာ လေလံတင်ရောင်းချတာကြောင့် လေလံစွဲမယ့်သူ မရှိဖြစ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်