မော်လမြိုင်၊ အောက်တိုဘာ (၃)
မြန်မာနိုင်ငံက သတင်းမီဒီယာတွေအပါအဝင် ပြည်သူလူထုရဲ့ လွတ်လပ်စွာပြောဆိုဝေဖန်ခွင့် ( Freedom of Expression ) ဟာ အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ အဆိုးရွားဆုံးချိုး ဖောက်ခံနေရပြီး မီဒီယာတွေဟာလည်း ဆက်လက်ရပ်နိုင်ဖို့ အတတ်နိုင်ဆုံး ကျားကန်ထိန်းကျောင်းနေရတယ်လို့ နိုင်ငံရေးသမားတွေနဲ့ ဝါရင့်မီဒီယာသမားတွေက ထုတ်ဖော်ပြောပါတယ်။
လူ့အခွင့်အရေး အပြည့်အဝရရှိတဲ့ ဒီမိုကရေစီ စနစ်နဲ့ အတူ ယှဉ်တွဲပါလာတဲ့ လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်ဟာ စစ်အာဏာ သိမ်းချိန် ကစပြီး ပျောက်ဆုံးသွားခဲ့တာပါ။
သတင်းသမားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေကို ဖမ်းဆီးတာ၊ စစ်တပ်ရဲ့ လူ့ အခွင့်အရေး ချိုးဖောက်နေတဲ့ သတင်းတွေကို ရေးသားဖော်ပြနေတဲ့ မီဒီယာတိုက်တွေကို ပိတ်သိမ်းတာတွေ ဆက်တိုက်ဆိုသ လို လုပ်ဆောင်ခဲ့တာပါ။
ဒါ့အပြင် လူမှုကွန်ရက်ပေါ်မှာ အမျိုးသားညီညွတ် ရေးအစိုးရ( NUG)ကို ထောက်ခံတဲ့ပိုစ့်တွေကို Like,share လုပ်ထားတာ တွေ့ မိရုံနဲ့တင် ဖမ်းဆီးမယ်ဆိုတာအထိ ဘက်ပေါင်းစုံကနေ ပိတ်ပင်ခံလာနေရလို့ လွတ်လပ်စွာပြောဆိုခွင့် ဆုံးရှုံးနေရတယ်လို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ မခင်ငြိမ်းသစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ အရင်တုန်းကဆိုရင် ကိုယ့်ကို မတရားလုပ်တဲ့ မတရားမှုတွေကို ဖော်ထုတ်ရဲတဲ့ သတ္တိရှိကြတယ်။ အခုဆိုရင်အရမ်းကို မဖြေ ချင်ကြတော့ဘူး။ ဘာလို့လဲဆိုတော့ ရက်ရက်စက်စက်သတ်ပြတယ်။ ကျန်ခဲ့တဲ့ မိသားစုတွေကိုလည်း ထပ်သတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိလာတယ်။ ပိုဆိုးတာက ပျူစောထီးတွေ၊ မျိုးချစ်အဖွဲ့တွေက လက်ရဲဇက်ရဲ နဲ့ မတရားသတ်ဖြတ်တာမျိုးက လက်ယဉ်နေတဲ့အခါကျတော့ ပြည်သူတွေအနေနဲ့ ပိုမိုခက်ခဲလာတာပေါ့”လို့ ဒီမိုကရေစီအရေးလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ မခင်ငြိမ်းသစ်က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း လွန်ခဲ့တဲ့ဆယ်နှစ်တာကာလနဲ့ အခုအချိန်ကို ပြန်ပြီး ချိန်ဆကြည့် မယ်ဆိုရင် Freedom of Expression ဟာ သုညဖြစ်လုနီးပါး အခြေအနေအထိရောက်ရှိနေပြီး ဒါဟာ နိုင်ငံ ပျက်သုန်းနိုင်ခြေ ဆီကို စစ်ကောင်စီက တွန်းပို့နေတာလို့ ဝါရင့်သတင်းသမားတစ်ဦးက သုံးသပ်ပါတယ်။
“စာပေစိစစ်ရေးမရှိတော့ဘူးဆိုပေမယ့် အသုံးအနှုန်းက ဆင်ခြင်နေရတယ်။ မဆင်ခြင်လို့ သူတို့ကို ထိခိုက်ပါတယ်ဆိုရင် အရေးယူခံရတာလေ။အဲဒီမှာလည်း သတင်းလွတ်လပ်ခွင့်က ဆုံရှုံးတာပဲ။ လွန်ခဲ့တဲ့ဆယ်နှစ်တာကာလနဲ့ အခုအချိန်ကို ပြန်ပြီး ချိန်ဆကြည့်မယ်ဆိုရင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်( Freedom of Expression) ဟာ သုညဖြစ်လုနီးပါး အခြေအနေ အထိရောက်ရှိနေပြီ။ ဒါဟာ မဖြစ်သင့်ဘူးပေါ့နော် ။ နိုင်ငံ ပျက်သုန်းနိုင်ခြေ (failed state )ဆီကို စစ်ကောင်စီက တွန်းပို့နေခဲ့တာ” လို့ သူကပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လူသုံးအမျာဆုံး အင်တာနက်လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ မကြာခင်က ပြောင်းလဲလိုက်တဲ့ News Feed (သတင်းအသစ်ရယူမှု) ပုံစံအသစ်ကလည်း သတင်းမီဒီယာတွေလို ထုတ်လုပ်သူတွေရဲ့ အကြောင်းအရာတွေကို လာရောက်ကြည့်ရှုမှု (VIWER)နှုန်းကို အထူးသဖြင့် လျှော့ချထားပါတယ်။
ဒါဟာ ပြည်သူတွေ ယုံကြည်စိတ်ချ ရတဲ့ သတင်းအချက်အလက်တွေ လက်လှမ်းမီနိုင်မှုကို အတားအဆီးဖြစ်စေတာပါ။
ဒါ့အပြင် သတင်းအမှား ပြန့်ပွားမှုတွေကို ဖြစ်ပွားစေနိုင်ပြီး စစ်ကောင်စီ အလိုကျလုပ်ဆောင်ချက်တစ်ခု လိုဖြစ်လာနေတဲ့အတွက် ဒီကိစ္စကို မြန်မာနိုင်ငံမှာ အကောင်အထည်မဖော်ဖို့ သတင်းမီဒီယာတိုက်တွေအပါအဝင် မီဒီယာ အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း စုစုပေါင်း (၄၅) ဖွဲ့က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်