ကျောက်ထု – အောက်တိုဘာ(၃)

မကွေးတိုင်း ကျောက်ထုမြို့နယ်ရဲစခန်းက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၂) ရက်နေ့ ည(၈) နာရီဝန်းကျင်က ကျောက်ထုရဲစခန်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ပန်ဆန်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာပါ။

အခုချိန်မှာတော့ ကျည်ထိမှန်ဒဏ်ရာရရှိသွားသူတွေရဲ့ အသေးစိတ်အခြေအနေကို မသိရသေးဘဲ အဲ့ဒီထဲက (၂) ဦးကတော့ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာရှိ တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက အကြောင်းမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကျေးရွာထဲမှာ ရှိနေတဲ့ အမျိုးသမီး (၂) ဦးနဲ့ အမျိုးသား(၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အမျိုးသား (၂) ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၀) ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ် ခလရ(၅၀) ကနေ လက်နက် ကြီး(၉) ချက်ထက်မနဲပစ်ခတ်ခဲ့လို့ စိုင်ဒူးရွာထဲကျရောက်ပေါက်ပွဲခဲ့ပြီး ပြည်သူ (၆) ဦးထိခိုက်ဒဏ်ရာ ရရှိကာ ပြည်သူပိုင်နေအိမ်တွေ ပျက်ဆီးခဲ့ပါသေးတယ်။

မြန်မာနိုင်ငံကို စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ကျေးရွာတွေကိုမီးရှို့တာ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူ (၂၃၀၀) ကျော်သတ်ဖြတ်ထားပြီးအဲ့ဒီထဲမှာကလေးသူငယ် (၃၈၀) ကျောပါဝင်နေကာ ကလေးငယ်(၁၄၀၀) ကျော်ဖမ်းဆီးခံထားရသလို ပြည်သူတွေရဲ့ နေအိမ် (၂၈၀၀၀) ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ပြည်သူ တွေရဲ့ နေအိမ်တွေအများဆုံးပါဝင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ (၁.၃)​သန်းကျော်နဲ့ ပြည်သူ(၁၄) သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.